နေပြည်တော် အောက်တိုဘာ ၁၀

 

မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေး (၄/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာ နယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မှ စ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ/မပါ၊ အချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်း ထုတ်ပြန်ကြေညာထားသည့် နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့နှင့်အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့ နေထိုင်ရာဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းဖြစ်ပါကြောင်း၊ ယင်းတို့ကို ရွေးကောက်ပွဲနည်း ဥပဒေပါ သတ်မှတ်ပုံစံများ ဖြည့်စွက်၍ မဲစာရင်းတွင် ပါရှိစေ ရေး၊ အချက်အလက် ကွဲလွဲမှုမရှိ စေရေး ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေ ရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် မိမိတို့ မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က အလေးထား ကြပ်မတ် စိစစ်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်မီ ပထမအကြိမ်မဲစာရင်း ထုတ်ပြန်မှု၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများအပေါ် အောက်ခြေ မြို့နယ်အဆင့်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီမှစ၍ အချိန်နှင့် တစ်ပြေးညီ စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုပြီး အဆင့်ဆင့် ကြပ်မတ်ကြီးကြပ် စိစစ်အတည်ပြုပြီး လက်ရှိအသက် (၁၈) နှစ်နှင့်အထက် အတည်ပြု လူဦးရေ စာရင်းအား ဗဟိုကော်မတီသို့ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန်နှင့် ဗဟိုကော်မတီမှ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဒုတိယအကြိမ် မဲစာရင်း ပြုစု ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်လက်ပေးပို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန် ကြေညာရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ အတည်ပြု လူဦးရေစာရင်းအား သတ်မှတ် ကာလအတွင်း စိစစ်အတည်ပြုပေးပို့ဆောင်ရွက်မည့် အခြေအနေနှင့် ပန်းခင်းစီမံချက် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

 

တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်