ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၁၁

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် အမျိုးသားပြတိုက်တို့၌ ကျင်းပလျက်ရှိသည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး‌ ဒေါ်ကြူကြူလှတို့နှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ 
 

ကြည့်ရှုအားပေး

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား အိုးစည်အတီးပြိုင်ပွဲနှင့် အမျိုးသား ဒိုးပတ်ပြိုင်ပွဲတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အဖွဲ့များက လှပသေသပ်လှသည့် တီးလုံးတီးကွက်များ၊ ကပြသီဆိုမှုများဖြင့် မြူးကြွမြိုင်ဆိုင်စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်

 

ထို့နောက် အမျိုးသားပြတိုက် (Mini Theatre) တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသမီးစောင်းအတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက လျှပ်ပန်းခွေနွဲ့ (ယိုးဒယား) သီချင်းဖြင့် သာယာနာပျော်ဖွယ် တီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး) စန္ဒရားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မနက်ဖြန် (သို့မဟုတ်) ဘယ်သောအခါ (ကာလပေါ်) သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ 

 

မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စု သွေးချင်းများ၏ သွေးစည်း ညီညွတ်သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံး ညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေးနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသ ပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှု အားပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်