ရန်ကုန် အောက်တိုဘာ ၁၁
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် အိမ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို တစ်နေရာတည်း အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည့် PRO 1 GLOBAL Home Center ၏ ၁၄ ခု မြောက် မင်္ဂလာဒုံစင်တာကြီးကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
“PRO 1 GLOBAL Home Center တွေမှာအိမ်တစ်လုံးဆောက်ရင် ကြမ်းခင်းကစပြီး ခေါင်မိုးအထိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အမျိုးမျိုးအပြင် အိမ်ဆောက်ပြီးရင် လိုအပ်မယ့် လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ၊ မီးဖိုချောင်သုံးပစ္စည်းစတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ PRO 1 မင်္ဂလာဒုံစင်တာကြီးက အမှတ် (၃) လမ်းမကြီးပေါ်မှာရှိတာမို့ သွားလာရအဆင်ပြေ လွယ်ကူချောမွေ့ပါတယ်။ ရန်ကုန်မြို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တာနဲ့အညီ လူနေထိုင်မှု ထူထပ်တဲ့မြို့ထဲ ဧရိယာတွေမှာ ယာဉ်ကြောအသွားအလာများလို့ အိမ်ဆောက်ဖို့အတွက် ပစ္စည်းတွေလာရောက်ဝယ်ယူကြတဲ့ Customer တွေ အချိန်ကြန့်ကြာမှုတွေရှိတာ တွေ့ရပါတယ်။ ဒါကြောင့် နေရာလည်းကျယ်ဝန်းပြီး သွားလာရလွယ်ကူတဲ့ အမှတ် (၃) လမ်းမကြီးပေါ်မှာ ဒီစင်တာကြီးကို ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကစင်တာကြီးတွေအတိုင်း ခေတ်မီဆန်းသစ်တဲ့ နည်းပညာ၊ ဒီဇိုင်းတွေနဲ့ ပြင်ဆင်ဖွင့်လှစ်ပေးထားပါတယ်။ ထူးခြားမှုအနေနဲ့ ဗိသုကာ၊ ဒီဇိုင်နာတွေကိုယ်တိုင် လာရောက်ကြည့်ရှုပြီး software နဲ့ အလှဆင်ပုံစံရေးဆွဲနိုင်မယ့် ပထမဆုံး COTTO Studio ကိုလည်း ထည့်သွင်းဖွင့်လှစ်ပေးထားပါတယ်”ဟု PRO 1 GLOBAL Home Center မှ General Manager ဖြစ်သူ Mr Kiattiyos က ပြောသည်။
PRO 1 GLOBAL Home Center များတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများကို စိတ်ချမ်းသာစွာနှင့် ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက်လည်း အထောက်အကူပြုကြောင်း ၊ PRO 1 GLOBAL Home Center သည် မြန်မာ့စီးပွားရေးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များက ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) အသိအမှတ်ပြု ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုဖွင့်လှစ်လိုက်သည့် အဆိုပါ PRO 1 GLOBAL Home Center (မင်္ဂလာဒုံစင်တာ) အား ခေတ်မီကလေးကစားကွင်းများ၊ စားသောက်ဆိုင်နှင့် ဘဏ်များပါ ထည့်သွင်းဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးအခန်းကဏ္ဍဖွံ့ဖြိုးရေးနှင့် လူနေထိုင်မှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့တွင် အထောက်အကူပြုစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်၊ လူငယ်များအတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမိုများပြားလာစေရန်အတွက် ရည်ရွယ်ပြီး PRO 1 GLOBAL Home Center များကို မြို့ကြီးများတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။
ကျော်စိုး


