နေပြည်တော် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းလာရောက် အပ်နှံမှုအနေဖြင့် ကျောင်းသား ကျောင်းသူ ၂၇၅ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၂၅၂ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းလျက်ရှိသည့် ဒေသမှကျောင်းသား ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၂၄၃ ဦးနှင့် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာ ၁၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းအပြင် ကျောက်မဲမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့်အတူ ဆေးရုံ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


