ဂျေရုဆလင် အောက်တိုဘာ ၁၃
အကျဉ်းသားများလဲလှယ်ရေး အစီအစဉ်အရ ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးအကျဉ်းထောင်များမှ စတင်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် အစ္စရေးဓားစာခံ ၂၀ ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ပါလက်စတိုင်းအကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်အရ ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ ကို အစ္စရေးက ပြန်လွှတ်ရမည်ဖြစ်သည်။
ဟားမတ်စ်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းထားသည့် ဓားစာခံအယောက် ၂၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးတပ်မတော်က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ယခုဆောင်ရွက်ချက်သည် အမေရိကန်သမ္မတ ထရမ့်အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အရ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတထရမ့်သည် အစ္စရေးပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်တွင် အပစ်အခတ်ရပ်စဲရေးစတင်ချိန်မှ ၇၂ နာရီအတွင်း ဟားမတ်စ်အဖွဲ့သည် ၎င်းတို့ထိန်းသိမ်းထားသည့် ဓားစာခံများကို လွှတ်ပေးရမည်ဖြစ်သည်။ သေဆုံးသူများ၏ ရုပ်အလောင်းကို ပြန်လည်ရယူရေးအတွက် အချိန်ယူရမည်ဖြစ်သည်။ သို့ရာတွင် သဘောတူညီမှုတွင် ပါဝင်သည့်အချက်များဖြစ်သည့် ဂါဇာဒေသအား စီမံခန့်ခွဲရေးနှင့် လက်နက်ချရေးတို့ကို ဟားမတ်စ်အဖွဲ့က သဘောတူခြင်းမရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


