အောက်တိုဘာ ၁၄

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် လွန်ခဲ့သောသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် ၆၄ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

မက္ကဆီကိုသမ္မတ Claudia Sheinbaum က အမျိုးသားနှင့် ဒေသခံအေဂျင်စီများသည် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများကို ကူညီရန်နှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြန်လည်ရရှိရန် အတူတကွ လုပ်ဆောင်နေကြသည်ဟု ပြောကြားသည်။

ကနဦးခန့်မှန်းချက်အရ အိမ်ခြေ ၁၀၀၀၀၀ နီးပါး ပျက်စီးမှုရှိရာ အစိုးရက ထောက်ပံ့ပေးသွားမည်ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၆ ရက်မှ ၉ ရက်အတွင်း မိုးရွာသွန်းမှု စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ပြီး အချို့နေရာများတွင် မိုးရေချိန် ၂၈၆ မီလီမီတာအထိ မြစ်ချောင်းများ လျှံတက်ကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ အမျိုးသားညှိနှိုင်းရေးမှူး လော်ရာ ဗီလာ့ဇ်က ပြောကြားခဲ့သည်။

 ဗရာခရုခ် ပြည်နယ်တွင် သေဆုံးသူ ၂၉ ဦးနှင့် ၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ရာ ဘေးသင့်ပြည်နယ်များထဲတွင် ထိခိုက်မှုအမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

အမိုးအကာ၊ စားစရာ၊ ရေသန့်နှင့် ဆေးဝါးကုသမှုများ ပံ့ပိုးပေးရေး၊ လမ်းများ၊ ဓာတ်အားလိုင်းများနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပြုပြင်ပေးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို