အောက်တိုဘာ ၁၄
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးမှုများဖြစ်ပွားပြီးနောက် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။
စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၁၅၂ ဦးရှိပြီး ယင်းရောဂါဖြင့်ဆက်စပ်သေဆုံးသူ ခြောက်ဦးရှိသည်ဟု သိရသည်။
နိုင်ငံအတွင်း ယခုနှစ်စပိုင်းမှစတင်ကာ ထိုရောဂါဖြစ်ပွားသူ ၈၆၂၅၃ ဦးရှိပြီး သေဆုံးသူ ၁၇ ဦး ရှိလာကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်ရောဂါကာကွယ်တားဆီးရေးအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှကာကွယ်ရန် အထိရောက်ဆုံး အစီအမံများဖြစ်သည့် ခြင်နှင့် သားလောင်းများကို ဖယ်ရှားရန်နှင့် ခြင်ကိုက်ခြင်းမှ ရှောင်ရှားရန် ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


