အန်ကာရာ     အောက်တိုဘာ    ၁၄

အီဂျစ်တွင်ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပါလက်စတိုင်းအရေးအတွက် အပြီးသတ်ဖြေရှင်းချက်မဟုတ်ကြောင်း  တူကီယဲသမ္မတ အာဒိုဂန်က  အောက်တိုဘာ  ၁၄  ရက်တွင် ပြောကြားသည်။ 

ရရှိခဲ့သည့်သဘောတူညီချက်များကို အစ္စရေးက လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ယခုရရှိခဲ့သည့် သဘောတူညီချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သာဖြစ်ပြီး ပါလက်စတိုင်းအရေးအတွက် ဖြေရှင်းချက်မဟုတ်ကြောင်းနှင့် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးသည်သာ  ဖြေရှင်းချက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အီဂျစ်တွင် ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင်  အပစ်အခတ်ရပ်စဲရေးကို ပံ့ပိုးသည့် ကြေညာချက်တစ်ခု ကိုလည်း  ခေါင်းဆောင်များက  လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကြေညာချက်သည်  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အစ္စရေးသည် ယခင်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည့် သာဓကများရှိကြောင်းနှင့် တူကီယဲ၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ