နေပြည်တော်     အောက်တိုဘာ     ၁၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဇော်မြင့်သည် အောက်တိုဘာ ၁၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ် စတင်ဖွင့်လှစ်သင်ကြားနေမှုများကို  ကြည့်ရှုကာ ဆရာ  ဆရာမများ၊  ကျောင်းသား  ကျောင်းသူများအား တွေ့ဆုံအားပေးပြီး    လိုအပ်သည်များ     ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

အောက်တိုဘာ   ၁၄   ရက်တွင်   ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိ ပြီး အဝေးသင်ဒုတိယအသုတ်သင်တန်းများ  ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများအား မိမိသင်ယူသော ဘာသာရပ်များကို အမှန်တကယ်နားလည် တတ်ကျွမ်းအောင် သင်ယူလေ့လာကြရန်နှင့်     ဒီမိုကရေစီနှင့်  ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် နိုင်ငံသားတစ်ဦး၏တာဝန်များကို ပါဝင်ထမ်းဆောင်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများ၏ သက်သာချောင်ချိရေး၊  လုံခြုံရေးကိစ္စရပ်များကို ဖြည့်ဆည်းပေးရန်  တာဝန်ရှိသူများအား   မှာကြားသည်။

ထို့နောက်  တောင်ကြီးတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုပြီး တက္ကသိုလ်အဝင်လမ်းနှင့်  ပလက်ဖောင်း အဆင့်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား မှာကြားသည်။

ထိုမှတစ်ဆင့်  တောင်ကြီးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ပညာရေးနှင့် သင်ပြနည်း ဒီပလိုမာ(ပထမနှစ်ဝက်) သင်တန်းဖွင့်လှစ်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုကာ မိမိကိုယ်တိုင် ဆရာ ဆရာမများအဖြစ် သင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ   စာတတ်အောင်   သင်ပေးနိုင်ရန်အတွက်   ဘာသာရပ်ကျွမ်းကျင်မှုနှင့်   သင်ပြနည်းမှန်ကန်မှုအတွက် အာရုံစိုက်၍ သင်ယူလေ့လာကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်