ရန်ကုန် ၁၆ မတ်

ပထမအကြိမ် ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီးတက္ကသိုလ် ရိပ်သာလမ်း (လှည်းတန်းမီးပွိုင့်မှ အင်းယားလမ်းမီးပွိုင့်) ထိ ရန်ကုန်ကွင်းပတ် စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ကွင်းပတ်စက်ဘီးပြိုင်ပွဲ (သို့) ကွင်းတွင်းပြိုင်ပွဲသည် မြို့တွင်းလမ်းမများပေါ်တွင် သတ်မှတ်ထားသော ပြိုင်ပွဲလမ်းကြောင်းအတွင်း တစ်ပတ်ပြီးတစ်ပတ် တာတိုစီးနင်း ယှဉ်ပြိုင်ရသော စက်ဘီးပြိုင်ပွဲတစ်မျိုးဖြစ်သည်။ စက်ဘီးပြိုင်ပွဲကို မြို့ပေါ်နေ ပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ထိတွေ့ရင်းနှီးမှုရရှိစေရန်နှင့်  ပြည်တွင်း စက်ဘီးအားကစားသမားများ ပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

 

mdn

 

ရှေးဦးစွာ ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး  ဦးနိုင်ငံလင်း၊  မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအား ဖဲကြိုးဖြတ်ပေးပြီး ''Officals Ride'' စုပေါင်းစက်ဘီးစီးနင်း သရုပ်ပြသကြသည်။

ဆက်လက်ပြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ အမျိုးသားအလွတ်တန်း Road Bike (အပတ်ရေ-၃၀) ပြိုင်ပွဲအား သေနတ်ပစ်ဖောက်ပြီး စတင်တာလွှတ်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

mdn

 

ပြိုင်ပွဲ၌ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမဆု(၅)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိယဆု (၃)သိန်း၊ စတုတ္ထဆု(၂)သိန်းနှင့် ပဉ္စမဆု(၁)သိန်း၊ အမျိုးသား(၁၉)နှစ်အောက်ပြိုင်ပွဲ၊ အမျိုးသား(၁၉)နှစ်မှ (၂၅)နှစ်အထိပြိုင်ပွဲ၊ အမျိုးသား(၂၆)နှစ် မှ (၄၀)နှစ်ထိပြိုင်ပွဲ၊ အမျိုးသား(၄၀) နှစ်အထက်ပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်းပြိုင်ပွဲများအား ဂုဏ်ပြုဆုငွေများအဖြစ် ပထမဆု (၂)သိန်း၊ ဒုတိယဆု (၁) သိန်း (၅)သောင်း၊ တတိယဆု (၁)သိန်း၊ စတုတ္ထဆု (၇) သောင်း (၅) ထောင် နှင့် ပဉ္စမဆု (၅) သောင်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)