နေပြည်တော် အောက်တိုဘာ ၂၁

 

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့် စပ်လျဉ်း၍ စိစစ်ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ အရလည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်း (SOP) အရလည်းကောင်း ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ စိစစ်ပြီး ကိုက်ညီမှန်ကန်မှု ရှိပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် စိစစ်အတည်ပြုပေးခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌနှင့် အစည်းအဝေးတက်ရောက် လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် စိစစ်သုံးသပ်ဆွေးနွေးကြသည်။

 

ယနေ့အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ်နေသည့် မြေများအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသော လုပ်ငန်းများ၊ နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်ရာတွင် နစ်နာကြေး၊ လျော်ကြေးပေးချေရန် ကိစ္စရပ်များ၊ လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာသည့် လုပ်ငန်းများအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်