ခရီးသွားဆောင်းပါး - ဇင်ဦး(မြန်မာ့အလင်း)
လုံခြုံရေးအထပ်ထပ် ဧရာမလေဆိပ်ကြီးက ထွက်သည်နှင့် ပြိုးပြိုးပြက်ပြက် မီးရောင်စုံများ၊ မိုးမျှော်တိုက်တာ အိုးအိမ်များ၊ ကားတစ်စီးစ နှစ်စီးစ ဖြတ်သန်းနေသော အထပ်ထပ်မိုးပျံလမ်းများနှင့် ၁၂ ဒီကရီဆဲစီးရပ်စ်သာ ရှိသော အေးမြတဲ့ရာ သီဥတုက စာရေးသူတို့အဖွဲ့ကို ကြိုဆိုနေသယောင်ရှိသည်။
နွေဦးပေါက်ကာလ အပူချိန် ၃၅ ဒီကရီရှိသော မိမိနိုင်ငံမှထွက်လာပြီးနောက် တရုတ်နိုင်ငံသို့ ရောက်ရှိချိန်တွင်ခိုက်ခိုက်တုန်အောင်သာ ချမ်းနေတော့သည်။ စာရေးသူပါဝင်သော မြန်မာသတင်းမီဒီယာ ၁၂ ဦးအဖွဲ့သည် ပေကျင်းမြို့၌ မတ် ၃ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပမည့် တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (The Second Session of the 13th National Committee of the Chinese People’s Political Consultative Conference - CPPCC) နှင့် အမျိုးသားပြည်သှူကွန်ဂရက် (National People’s Congress -NPC) အစည်းအဝေး တို့တွင် တက်ရောက်သတင်းရယူရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ခေါက် ပေကျင်းခရီးစဉ်တွင် ကူမင်းမြို့မှတစ်ဆင့်လေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ် ၂ ရက် မွန်းလွဲပိုင်းက ထွက်ခွာခဲ့ကြပြီး ကူမင်းမှတစ်ဆင့် ပေကျင်းလေဆိပ်သို့ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ချောချော မောမောပင် ရောက်ရှိခဲ့ကြသည်။ ပေကျင်းလေဆိပ်မှတစ်ဆင် တည်းခိုရမည့် Xiangda International Hotel သို့ ကားဖြင့်ဆက်လက်ထွက်ခွာလာခဲ့ကြရာ ဒေသစံတော်ချိန် နံနက်၁ နာရီခွဲခန့် ရှိပေပြီ။ စာရေးသူသည် ၂၀၁၅ ခုနှစ်က တရုတ်ပြည်သှူသမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ လူငယ်ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ လေ့လာရေးခရီး ရောက်ရှိပြီးနောက် ယခုတစ်ခေါက် ဒုတိယအကြိမ်ရောက်ရှိခြင်း ဖြစ်သည်။
သတင်းမီဒီယာသမား ၁၂ ဦး တက်ရောက်
ယခင်တစ်ခေါက်နှင့် မတူသည်မှာ ယခုအခေါက်မှာ တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ နိုင်ငံတော်အဆင့် ကျင်းပသည့်အခမ်းအနားတွင် တက်ရောက်သတင်းရယူရသည်။ စာရေးသူနှင့်အတူ မြန်မာသတင်းမီဒီယာ ဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာဒီဂျစ်တယ်သတင်းဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ ဒီလှိုင်းဂျာနယ်၊ ပြည်ထောင်စုနေ့စဉ်၊ ဒီမိုကရေစီတူဒေး၊ MITV နှင့် MI ရေဒီယိုတို့မှ သတင်းမီဒီယာသမား ၁၂ ဦးတို့ တက်ရောက်သတင်းယူခဲ့ကြသည်။
မတ် ၃ ရက် နံနက်ပိုင်းတွင် မြန်မာသတင်းမီဒီယာအဖွဲ့များသည် တရုတ်နိုင်ငံမှ ကြိုဆိုနေကြသော Guide များနှင့်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံတွင် တရုတ်ဘာသာနှင့် ပါရဂူဘွဲ့ယူရန်ရောက်ရှိနေသည့် မန္တလေးသား ကိုထိုက်လွင်ကို တို့နှင့်အတူ အမျိုးသားပြတိုက်တွင်ကျင်းပသည့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ်ပြပွဲသို့ သွားရောက်လေ့လာခဲ့ကြသည်။ အဆိုပါ ပြပွဲကျင်းပသည့် အမျိုးသားပြတိုက်သည် ပေကျင်းမြို့လယ်အချက်အချာနေရာဖြစ်သည့် ပြည်သှူမဟာခန်းမ၊ Tiananmen Square တရုတ်နိုင်ငံ၏ ရှေးဟောင်းဘုရင့်နန်းတော်ဖြစ်သည့် Forbidden City တို့နှင့် သုံးပွင့်ဆိုင် တည်ရှိနေကြသည်။
CPPCC နှင့် NPC ကျင်းပသည့်အချိန်ဖြစ်၍ Tiananmen ရင်ပြင်၊ အမျိုးသားပြတိုက်နှင့် Forbidden City အတွင်း ဝင်ရောက်ရန်အတွက် လုံခြုံရေးအထပ်ထပ်တိုးမြှင့်ချထားမှုများကြောင့် ပြတိုက်သွားရာ လမ်းတစ်လျှောက်၌ အစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေကြရသည့် လူအုပ်ကြီး ကိုလည်း အများအပြား မြင်တွေ့ခဲ့ရသည်။ စာရေးသူတို့အဖွဲ့မှာ တရုတ်ပြည်သှူသမ္မတနိုင်ငံမှ လိုက်ပါကူညီသူများကြောင့် အမျိုးသားပြတိုက်သို့ အစစ်ဆေးခံရန်ပင်မလိုဘဲ အခက်အခဲမရှိအဆင်ပြေပြေနှင့် ဝင်ရောက်နိုင်ခဲ့ကြသည်။ ပြတိုက်သွားရာ လမ်းတစ်လျှောက်ရှိ သစ်ပင်များမှာလည်း စာရေးသူ ယခင်တစ်ခေါက်ရောက်ခဲ့တုန်းကကဲ့သို့ စိမ်းစိမ်းစိုစိုမဟုတ် အအေး ဒဏ်ကိုအန်တုကာ အရိုးပြိုင်းပြိုင်းထလျက် ရှိသည်။
ဖွံ့ဖြိုးတိုးတက်လာမှုများကို လေ့လာခွင့်ရခဲ့
အမျိုးသားပြတိုက်တွင် ကျင်းပသည့် အဆိုပါပြပွဲ၌ တရုတ်ပြည်သှူသမ္မတနိုင်ငံသည် ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သိပ္ပံ၊ နည်းပညာများ၏ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာမှုများကို လေ့လာခွင့်ရ ခဲ့သည်။
တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးမှု ကျယ်ပြန့်လာသည့်နောက်ပိုင်း စားနပ် ရိက္ခာကိုတန်းစီဝယ်ယူရာ မှ စားနပ်ရိက္ခာဖူလုံသည်အထိ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုများ၊ နှစ်ပေါင်း ၄၀ ကျော်အတွင်း တိုးတက်ထွန်းကားလာသည့် မြို့ပြပုံစံငယ်များ၊ အဆောက်အအုံများ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သိပ္ပံနည်းပညာနှင့်ပတ်သက်၍ နောက်ဆုံးပေါ် ကွန်ပျူတာ၊ နိုင်ငံခုနစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် နျူကလီးယား အပူလှိုင်းတိုင်းတာရေး သုတေသနစင်တာ တည်ဆောက်ထားမှု၊ ဂြိုဟ်တုဆက်သွယ်ရေး ယာဉ်များနှင့်အာကာသလေ့လာရေးယ္တရားများ၊ တပ်မတော်သုံး ယာဉ်၊ ယန္တရားများနှင့် လက်နက်ကိရိယာများ၊ ဆင်ဟွာ၊ စီစီတီဗွီအစရှိသည့် မီဒီယာနှင့်ပတ်သက်သည့်ပြခန်းများ၊ လမ်းပန်း ဆက်သွယ်ရေးနှင့်ပတ်သက်၍ မြေအောက်ရထားများ၊ ကျည်ဆန်ရထားများ၏ နောက်ဆုံးပေါ်နည်းပညာများ၊ လူမှုရေး၊ စီးပွားရေး၊ လျှပ်စစ်ထုတ်ယူ အသုံးပြုမှုများနှင့်ပတ်သက်သည့်ပြခန်းများ အစရှိသည့် ၁၉၇၈ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာသည့် ပြခန်းများ ခင်းကျင်းပြသထားသည်ကို လေ့လာခဲ့ရသည်။
ယင်းပြခန်းများအနက် စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တွင် နေထိုင်သည့် ကကျပျွ်မ့်လူမျိုး များသည် ယခင်က ဘာသာစကားရှိသော်လည်း စာပေမရှိသည့်အတွက် တရုတ်နိုင်ငံအစိုးရက ကျွမ့်လူမျိုးများအတွက် စာပေကိုဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပေကျင်းမြို့ရှိ ၂၈၀ဝ၀ဝ စကွဲယားမီတာ ကျယ်ဝန်းပြီး စာအုပ်စာပေပေါင်း ၃၅၀ဝ၀ဝ၀ဝ ခန့်ရှိကာ နှစ်စဉ် စာအုပ် တစ်သန်းခန့် တိုးတက်လျက်ရှိသည့်က္ဘာ့တတိယအကြီးဆုံးနှင့် အာရှတိုက်၏ အကြီးဆုံးစာကြည့်တိုက်ဖြစ်သော အမျိုးသား စာကြည့်တိုက်ကြီးကို ၁၉၉၈ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်တွင် ပေါ်ပေါက်လာခဲ့ခြင်းတို့ဖြစ်သည်။ တိုင်းရင်းသား ရေးရာနှင့် စာပေကို အလေးထားကြောင်း လေ့လာတွေ့ရှိရသည်။
ပြခန်းများတွင် ပြသထားသည့် အကြောင်းအရာများအား ခြုံငုံသုံးသပ်ကြည့်လျှင် အရာအားလုံး အံ့ဩဘနန်း ချီးကျူး ဖွယ်ရာအတိ ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်အတွင်း အဘယ်ကြောင့် ယင်းကဲ့သို့တစ်ရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့သည်ကို သုံးသပ်ကြည့်သော် နိုင်ငံ့ခေါင်းဆောင်းများ၏ အမြော်အမြင်ကြီးမားမှု၊ ခေါင်းဆောင်ကောင်းမှုနှင့် စီမံခန့်ခွဲမှုစနစ်ကျမှု၊ ပြည်သူပြည်သား များ၏ စည်းကမ်းစနစ်ကျမှု၊ လိုက်နာဆောင်ရွက်နိုင်မှုများ၊ ပကတိအရှိကို အခြေခံကာ တီထွင်နိုင်မှု စွမ်းရည်များကြောင့်အဓိကအားဖြင့် စီးပွားရေးနှင့် သိပ္ပံနည်းပညာပိုင်းတွင် တိုးတက်ပြောင်းလဲလာခြင်း တို့ကြောင့်ဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။ ဘဲဥကို အွန်လိုင်းစနစ်ဖြင့်ရောင်းချပြီး မောင်းသူမဲ့(Drone) ယာဉ်ဖြင့် ဝယ်ယူသူထံ အရောက်ပို့ပေးနိုင်သည့် နည်းပညာနှင့်စီးပွားရေးကို ဆက်စပ်အသုံးပြုနိုင်မှုကိုလည်း အံ့ဩဖွယ်တွေ့မြင်ခဲ့ကြရသည်။ တရုတ်ပြည်၏ နာမည်ကျော် ကျည်ဆန်ရထားမှာလည်း ယခုနောက်ဆုံး ပေါ်နည်းပညာဖြင့် တစ်နာရီလျှင်ကီလိုမိတာ ၃၅၀ ကျော်အထိ မောင်းနှင်နိုင်သည် အထိခရီး ပေါက်ခဲ့ပြီဖြစ်သည်။
တက်ရောက်သတင်းရယူခဲ့
မတ် ၃ ရက် ညနေပိုင်းတွင် ပြည်သှူမဟာခန်းမ၌ ကျင်းပသည့် တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ ဒုတိယအကြိမ်၁၃ ကြိမ်မြောက် နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (The Second Session of the 13th National Committee of the Chinese People’s Political Consultative Conference - CPPCC) အစည်းအဝေးနှင့် မတ် ၅ ရက်တွင်ကျင်းပသည့် အမျိုးသားပြည်သှူကွန်ဂရက် (National People’s Congress - NPC) အစည်းအဝေးဖွင့်ပွဲများသို့တက်ရောက်သတင်းရယူခဲ့ကြသည်။
ယခုနှစ်သည် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ၏ သဘောထားအား အကောင်အထည်ဖော်မည့် ပထမဆုံးနှစ်ဖြစ်သလို တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးမှု နှစ် ၄၀ ပြည့်လည်း ဖြစ်သည်။
ထိုအစည်းအဝေးများ တက်ရောက်ရန်အတွက် သတင်း ထောက် ၃၀ဝ၀ ကျော် ဖိတ်ကြားခဲ့ပြီး စုစုပေါင်း သတင်းထောက်၂၅၀ဝ ကျော် တက်ရောက်ခဲ့ကာ ပြည်ပမှ သတင်းထောက ၁၀ဝ၀ ကျော် တက်ရောက်ခဲ့ကြောင်း အစည်းအဝေးကျင်းပရေး သတင်းစင်တာ၏ ထုတ်ပြန်သည့်ကြေညာချက်အရ သိရ သည်။
မတ် ၃ ရက်က ကျင်းပသည့် တရုတ်ပြည်သှူနိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်(CPPCC)အစည်းအဝေးတွင် ဥက္ကဋ္ဌ ဝမ်းယန်နှင့် ဒုတိယဥက္ကဋ္ဌ စူဟွေ့တို့က အမြဲတမ်းအဖွဲ့ဝင်များ ကိုယ်စား လုပ်ငန်းအစီရင်ခံစာကို ညီလာခံကိုယ်စား လှယ်များထံအစီရင်ခံတင်ပြကြသည်။ အဆိုပါ ညီလာခံသို့ တရုတ်ပြည်သှူသမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံတော်အတိုင်ပင်ခံကောင်စီဒုတိယဥက္ကဋ္ဌ ကျန်းချင့်လီအပါအဝင် ဒုတိယဥက္ကဋ္ဌများ၊ အတိုင်ပင်ခံကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၂၁၃၃ ဦး တက်ရောက်ကြသည်။ ထို့ပြင် မတ်၅ ရက်တွင် ကျင်းပသည့် NPC အစည်းအဝေးတွင်လည်း ကိုယ်စားလှယ်သုံးထောင်နီးပါးနှင့် သတင်းမီဒီယာသမား ၂၇၀ဝ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေးပါဆုံးသော နိုင်ငံရေးဆွေးနွေးပွဲကြီးများ
အဆိုပါ CPPCC နှင့် NPC မျက်နှာစုံညီအစည်းအဝေး နှစ်ရပ်ကို “Two Sessions” ဟုခေါ်လေ့ရှိသည်။ ယင်းအစည်း အဝေးနှစ်ရပ်သည် တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ အရေးပါဆုံး သော နိုင်ငံရေး ဆွေးနွေးပွဲကြီးများဖြစ်ပြီး နှစ်တစ်နှစ်၏ တတိယမြောက်လတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးများတွင် နိုင်ငံတော်အစိုးရတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်နှစ်အတွက် လုပ်ငန်းအစီရင် ခံစာနှင့်နောက်တစ်နှစ်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီရင်ခံစာတမ်းများကို တင်သွင်းဆွေးနွေးကြသည်။
ထို့ပြင် အဆိုပါ အစည်းအဝေးများတွင် တက်ရောက်လာ ကြသည့် နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်နှင့် စီရင်စုအဆင့်ကော်မတီဝင် ကိုယ်စားလှယ်များပါဝင်လေ့ရှိပြီး အဓိက ကော်မတီကြီး ၁၀ ရပ် ဖွဲ့စည်းပါရှိကြောင်း သိရသည်။ CPPCC ပုံမှန်အစည်းအဝေးများတွင် တက်ရောက်လာသော အတိုင်ပင်ခံကိုယ်စားလှယ်များက နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဥပဒေပြုရေး၊ တိုင်းရင်းသားရေးရာများနှင့် အုပ်ချုပ်ရေးတို့အတွက် အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
(ဆက်လက်ဖော်ပြပါမည်)