ဂျကာတာ အောက်တိုဘာ ၂၈
၂၀၆၀ ပြည့်နှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညရာခိုင်နှုန်းသို့ရောက်ရှိရန် ကြိုးစားမှု တစ်စိတ် တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၃၂ ခုနှစ်တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားကြောင်း စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းမြစ် ဒုတိယဝန်ကြီး ယူလီယော့က ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နျူကလီးယားစွမ်းအင် ထိန်းချုပ်ရေးအေဂျင်စီ အမှုဆောင်အစည်းအဝေးတွင် ယူလီယော့က နျူကလီးယားစွမ်းအင်ကို ယခုအခါ အမျိုးသားစွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မဟာဗျူဟာမြောက်ရွေးချယ်မှုအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
နျူကလီးယားဓာတ်အားပေးစက်ရုံကို နောက်ဆုံးနည်းလမ်းအဖြစ် မသတ်မှတ်သော်လည်း အမျိုးသားစွမ်းအင်စီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ပါကြောင်း ယူလီယော့က ပြောကြားခဲ့သည်။ အဆိုပါမူဝါဒသည် အင်ဒိုနီးရှားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့်အညီ ရေးဆွဲထားရုံမျှမက အစိုးရ၏မကြာသေးမီက ထုတ်ပြန်လိုက်သည့် နိုင်ငံတော် စွမ်းအင်မူဝါဒဆိုင်ရာ စည်းမျဉ်းများနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
အစိုးရ၏ လမ်းညွှန်ချက်အောက်တွင် နျူကလီးယားစွမ်းအင်သည် ၂၀၃၀ ပြည့်နှစ်တွင် အင်ဒိုနီးရှား စွမ်းအင်ရောနှောအသုံးပြုမှု၏ ငါးရာခိုင်နှုန်းနှင့် ၂၀၆၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်းအထိ ရှိလာမည် ဖြစ်သည်။
ရှေ့အလားအလာကောင်းများရှိနေချိန်တွင် ရန်ပုံငွေ၊ ဆောက်လုပ်ရေးကြာချိန်နှင့် အများပြည်သူ ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ယူလီယော့က အသိအမှတ် ပြုခဲ့သည်။
အစိုးရသည် နျူကလီးယားလုပ်ငန်းများတွင်ဘေးကင်းမှုနှင့် ထိရောက်မှုရှိစေရန် ဘေးအန္တရာယ် လျော့ပါးသက်သာရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်သည်။
ဆင်ဟွာ


