ဒေးဒရဲ ၁၇ မတ်
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ (အခြေခံ)အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ် ၁၆ နံနက်ပိုင်းက ဒေးဒရဲမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးအောင်စည်သူဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
သင်တန်းကို မတ် ၆ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ မြန်မာ့ရိုးရာသိုင်း၊ မြန်မာ့ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့ စသည့် အားကစားနည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိဝါသနာပါသော အားကစားနည်းများတွင် အခြေခံမှ စတင်ကာ နည်းစနစ်မှန်ကန်စွာ တတ်မြောက်စေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)