နယူးဒေလီ အောက်တိုဘာ ၂၉
ဟိန္ဒူရိုးရာပွဲတော်ကျင်းပချိန်တွင် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်နှင့် ဂျာခန်းပြည်နယ်များ၌ လူ ၁၃၃ ဦးခန့် ရေနစ်သေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက အောက်တိုဘာ ၂၉ ရက်က ဖော်ပြခဲ့သည်။
ဘီဟာပြည်နယ်တွင် ၁၀၈ ဦး ရေနစ်သေဆုံးခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးလျက်ရှိသည်။ အိမ်နီးချင်း ဂျာခန်းပြည်နယ်တွင် ရေနစ်သေဆုံးသူ ၂၅ ဦးအထိရှိခဲ့သည်။
ပွဲတော်ကျင်းပချိန်အတွင်း အဆိုပါပြည်နယ်များရှိ မြစ်ချောင်းများအတွင်း ဘာသာရေးအစဉ်အလာအရ ရေဆေးမင်္ဂလာပြုလုပ်ချိန်၌ ရေနစ်သေဆုံးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေငုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဘာသာရေးသက်ဝင်ယုံကြည်သူများကို မြစ်ချောင်းများ၌ ရေဆေးမင်္ဂလာပြုလုပ်ရာတွင် အသိ သတိနှင့် ဆင်ခြင်ပြုလုပ်ရန် သက်ဆိုင်ရာအာဏာပိုင်များ သတိပေးထားသည်။
ဆင်ဟွာ


