ကဘူးလ် အောက်တိုဘာ ၂၉
အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုများမှာ လက်တွေ့အသုံးချနိုင်သောအဖြေမရရှိဘဲ အဆုံးသတ်သွားသည်ဟု ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးက ပြောသည်။ အိမ်နီးချင်းနှစ်နိုင်ငံကြား တစ်ပတ်ကျော်ကြာ ကြောက်မက်ဖွယ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်ဆွေးနွေးပွဲကို ယခုလအစောပိုင်းက ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သော်လည်း ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ လျင်လျင်မြန်မြန် ပျက်ပြယ်သွားသည်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုမရှိသည့်အပေါ် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပြစ်တင်ခဲ့ကြသည်။
တူကီယဲနှင့် ကာတာနိုင်ငံတို့က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရယူရန်ဖြစ်သည်။ လေးရက်ကြာဆွေးနွေးခဲ့ကြသော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိကြောင်း ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီး အက်တူလာတာရာက ပြောသည်။
ပါကစ္စတန်နယ်မြေအတွင်းဝင်ရောက်၍ အကြမ်းဖက်မှုများပြုလုပ်ရန် စစ်သွေးကြွအုပ်စုများက အာဖဂန်နစ္စတန်နယ်မြေကို အသုံးပြုနေမှုအား ရပ်တန့်ရန် ပါကစ္စတန်ဘက်ကတောင်းဆိုခဲ့သော်လည်း အာဖဂန်နစ္စတန်ဘက်မှ အာမခံချက်မပေး နိုင်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အာဖဂန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုများနှင့် အမေရိကန်ဒရုန်းများပျံသန်းမှုကို ရပ်တန့်ရန် အာဖဂန်နစ္စတန်ဘက်က တောင်းဆိုခဲ့သော်လည်း ပါကစ္စတန်က ငြင်းဆိုခဲ့သည်ဟု အာဖဂန်နစ္စတန်၏ တိုလိုနယူးစ်တွင် ဖော်ပြထား သည်။
အင်န်အိတ်ချ်ကေ


