ဆိုးလ် အောက်တိုဘာ ၃၀
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အောက်တိုဘာ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်ရှိ ဂင်ဟေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် နှစ်ပေါင်း ၁၁ နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် နှစ်ပေါင်း ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးအဖြေရှာခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦးသည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပသည့် ဂျီ-၂၀ အစည်းအဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုသည် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်းနှင့် ယခုလိုတွေ့ဆုံခြင်းဖြင့် နိုင်ငံအချင်းချင်းကြား နားလည်မှုလွဲမှားမှုများကို ကာကွယ်သွားနိုင်မည်ဟု ယူဆရကြောင်း အာရှလုံခြုံရေးရာ ကျွမ်းကျင်ပညာရှင် ကန်နက်ဝိန်စတိန်းက ပြောကြားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တောင်ကိုရီးယားခရီးစဉ်သည် ၂၀၁၄ ခုနှစ် ဇူလိုင် လကတည်းမှစကာ ပထမဆုံးအကြိမ်ဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံတို့ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လည်းဖြစ်သည်။ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပက်) ထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ မြောက်ဂျောင်ဆန်ပြည်နယ် ဂျုံဂျူးတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ၊ သည်ကိုရီးယားဟာရဲလ်


