ဂျေရုဆလင် နိုဝင်ဘာ ၁

 

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဟားမတ်စ်တို့    ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

 

ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဟားမတ်စ်က    အစ္စရေးထံသို့ ဓားစာခံရုပ်အလောင်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ အစ္စရေးက ၎င်း၏ဓားစာခံများ   မဟုတ်ကြောင်း  ဟားမတ်စ်အဖွဲ့ကို စွပ်စွဲပြောကြားခဲ့သည်။

 

သဘောတူညီချက်အရ ဓားစာ ခံ ၄၈ ဦးစလုံးကို အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးသို့ ပြန်ပေးရ မည်ဖြစ်သည်။သို့သော် ဟားမတ်စ်က လွှဲပြောင်းပေးရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။

 

ဟားမတ်စ်က ဓားစာခံတစ်ဦး ၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။ သို့သော် အခြားလွှဲပြောင်းပေးရမည့် ဓားစာခံရုပ် အလောင်းများ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

 

ဟားမတ်စ်က ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးခဲ့သည့် ဓားစာခံရုပ်အလောင်းများထားရှိသည့်နေရာကို သိရှိကြောင်း အစ္စရေးအစိုးရပြောရေးဆိုခွင့်ရှိသူ ရှို့စ်ဘတ် ရိုဆီရန်က အခိုင်အမာပြောကြား သည်။

 

ဟားမတ်စ်၏   နှောင့်နှေးကြန့်ကြာမှုကြောင့် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ ဂါဇာကမ်းမြောင်တွင် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာ ရေးအာဏာပိုင်များက ပြောကြားသည်။

 

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုပြီးနောက်   ဓားစာခံလွှဲပြောင်းပေးမှုအစီအစဉ်ကို ရွှေ့ဆိုင်း မည်ဖြစ်ကြောင်း  ဟားမတ်စ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် ရုပ်အလောင်းများကို ရှာဖွေခြင်းနှင့်    ပြန်လည်ရယူ ခြင်းတို့ကို အဟန့်အတားဖြစ်စေ မည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

 

အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင် အထည်ဖော်ရန် နှစ်ဖက်စလုံးကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားသည်။

 

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ချထားရန် အမေရိကန်အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်