ရန်ကုန် ၁၇ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ဝဿန်ရုပ်ရှင်ပွဲတော်နှင့် ဂျပန်ဖောင်ဒေး ရှင်းတို့ကကြီးမှူး၍ စတုတ္ထအကြိမ် Animation Workshop ကို မတ် ၁၃ ရက်မှ ၁၇ ရက်အထိ (၅)ရက်ကြာ ကျင်းပပြီးစီးသည့်အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း၊ အမှတ်(၅၀) ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေး စင်တာ၌ ကျင်းပသည်။
ယခုအကြိမ် Animation Workshop တွင် သင်တန်းသားလူငယ် ၅၀ ဖြင့် အများဆုံး တက်ရောက်ခဲ့ပြီး သုံးဖွဲ့ခွဲ၍ ဂျပန်နိုင်ငံမှ Animation နည်းပြ သုံးဦးဖြစ်သည့် တိုရှိခဆုဝါဒါ က ရိုးရာပုံပြင်များကို Animation ပြုလုပ်ခြင်း၊ နည်းပြ ဆရာမ အိခုကို အိဝဆုကိ က သဘာဝပတ်ဝန်းကျင်မှ သစ်ပင်များ ပိုးမွှားတိရစ္ဆာန်များကိုအခြေခံ၍ Stop Motion Animation ပြုလုပ်ခြင်း၊ နည်းပြ ဆရာမ အိခုကို အိဝဆုကိ ၏ ကိုယ်ပိုင် လက်ရာ Animation များကို လက်တွေ့ ပြသပေးခဲ့ပြီး၊ နည်းပြ မိရိုင် မိဇုအ နှင့် ဒေါက်တာစန်းစန်းဦးတို့ ပူးပေါင်း၍ ကလေးများအတွက် အရောင်အသွေးစုံ ကာ အနုပညာမြောက်သော Animation ဖန်တီးပြုလုပ်မှုအကြောင်းကို ပြသခဲ့သည်။
နောက်ဆုံးနေ့တွင် Workshop တွင် ပါဝင်သူ သုံးဖွဲ့၏ ရေးဆွဲဖန်တီးထားသည့် Stop Motion (နေကြာစေ့) Animation၊ Cut Out (ရိုးရာပုံပြင်)၊ Abstract Animation (AniMeditation) တို့ကို ပြသခဲ့ပြီး သုံးနှစ်ဆက်တိုက် Animation Work shop တက်ရောက်သူ မဇူးထိုက်အား Huion.Myanmar (DigitLand) မှ MD ဒေါ်မေလင်းက လက်ဆောင်ပေးအပ်သည်။
သတင်း - သန့်ဇင်ဝင်း ဓာတ်ပုံ-ရဲထွဋ်


