နေပြည်တော် ၁၇ မတ်

 

၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှသော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဝင် ပလက်ဝတံတား တည်ဆောက်ရေးအတွက် ပစ္စည်းကရိယာများ တင်ဆောင်လာသော အရပ်ဘက်ကုန်တင်ရေယာဉ်အား AA အဖွဲ့က အကြမ်းဖက်စီးနင်း တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်။

 

ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော ပစ္စည်းများသယ်ဆောင်၍ ရန်ကုန်မြို့မှ မတ်လ ၁၀ ရက်နေ့တွင် ထွက်ခွာလာသော  NV ရတနာဝင်း (၇) အရပ်ဘက်ကုန်တင်ရေယာဉ်သည် စစ်တွေ-ကျောက်တော်မှ တစ်ဆင့် ပလက်ဝသို့ ထွက်ခွာလာစဉ် မတ်လ ၁၆ ရက်နေ့  နံနက် ၁၀ နာရီခန့်တွင် AA အဖွဲ့ က လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကိုမီးရှို့ခဲ့သည်။

 

သင်္ဘောကပ္ပတိန် ဦးအောင်ကျော်သူ ဦးဆောင်သည့် အရပ်သား ရေယာဉ်ဝန်ထမ်း ၁၀ ဦးခန့် လိုက်ပါလာသည့် ရေယာဉ်ပေါ်တွင် ပါရှိသည့် ပစ္စည်းများမှာ သံပေါင် ၂၅၆ ဒသမ ဝ၈၅ တန်၊သံပေါင် အထိုင်ခုံ ၂၄ ဒသမ ၉၆ တန်၊ သုတ်ဆေး ဝ ဒသမ ၃၅ တန်၊ High Tension Bolt ၄ ဒသမ ၈၃၅ တန်တို့ ဖြစ်ပြီး ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၁ ဒသမ ဝ၇၂ ဘီလီယံ တန်ဖိုးရှိကြောင်း သိရသည်။

 

လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်စုံတစ်ဦးမှ လိုက်ပါလာခြင်းမရှိသည့်အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် စီမံကိန်း တည်ဆောက်ရေးပစ္စည်းများကိုသာ  သယ်ဆောင်လာသည့် အရပ်ဘက်ကုန်တင်ရေယာဉ်ကို ပစ်မှတ်ထား၍ မီးရှို့ဖျက်ဆီးအကြမ်းဖက်တိုက်ခိုက်သည့် AA အဖွဲ့အား ပြည်သူများက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)