၁၈ မတ်
ပြဋ္ဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများကိုနိုင်ငံသူ နိုင်ငံသားအားလုံး လေးစားလိုက်နာကြရမည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများ ဥပဒေများကို ကိုယ်စီလေးစားလိုက်နာကြသောအခါ အစိုးရတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချလုပ်ကိုင်နိုင်ကြရာ ထိုနိုင်ငံများ ဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။
စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာကြသည်ဆိုရာ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီတိတိကျကျ မှန်မှန်ကန်ကန် ကိုင်တွယ်ကျင့်သုံးဆောင်ရွက်ကြပြီး ပြည်သူပြည်သားများကလည်း အသိစိတ်ဓာတ်ရှိစွာဖြင့် ဥပဒေကို လေးစား လိုက်နာကြရသည်။ ထိုသို့မဟုတ်ဘဲ ဥပဒေကို တစ်ယောက်စ၊ နှစ်ယောက်စ ဖောက်ဖျက်ရာမှ အများသူငါ ဖောက်ဖျက်လာသောအခါ ပြဿနာ အမျိုးမျိုးတို့ကို ခက်ခဲစွာ ဖြေရှင်းနေရသည်။
မျက်မှောက်ကာလ လူမှုဘဝတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ မြေယာပြဿနာဖြစ်သည်။ အဆိုပါပြဿနာသည် လုပ်ပိုင်ခွင့်ရှိသူ တစ်ယောက်ကအစ ဖောက်ဖျက်ရာမှ တစ်ရာအဆုံး အများစုဖောက်ဖျက်ခဲ့သော ပြဿနာဖြစ်ခဲ့သည်။ လယ်ယာမြေဖြစ်စေ၊ အခြားမြေဖြစ်စေ မည်သည့်မြေအမျိုးအစားတွင်မဆို ဥပဒေပြဋ္ဌာန်းချက်များ ရှိပြီးဖြစ်သည်။ ဥပဒေကို မျက်ကွယ်ပြု၍ လုပ်ပိုင်ခွင့်ကို အသုံးချသောကြောင့် ယနေ့ အဆုံးမသတ်နိုင်သေးသော ပြဿနာအဖြစ် တည်ရှိနေသည်။
ဤသည်မှာ မြေယာပြဿနာတစ်ခုသာဖြစ်သည်။ အခြားပြဿနာ အမျိုးမျိုးလည်းရှိသေးသည်။ တိုင်းပြည်ရှေ့ခရီးကို တက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေချိန်တွင် ပြဿနာအဖုံဖုံကို ဖြေရှင်းနေရ၍ နှောင့်နှေးကြန့်ကြာဖွယ်ရှိသည်ဟု ဆိုနိုင်သော်လည်း ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့်အညီ ပြဿနာများကို ညှိနှိုင်းဖြေရှင်းသည့် အလေ့အထတစ်ခုကို ထူထောင်ရမည်သာဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့သည့် လူ့အသိုင်းအဝိုင်းတွင် နှစ်ဖက်အဆင်ပြေမည့် အဖြေတစ်ခုကို အပေး အယူမျှတမှုဖြင့် ညှိနှိုင်းရှာဖွေယူကြသည်။
အမှန်တကယ်တွင် ပြဋ္ဌာန်းထားသော ဥပဒေများကို နိုင်ငံသားတိုင်း တိတိကျကျ လေးလေးစားစား လိုက်နာခဲ့မည်ဆိုပါလျှင် ပြဿနာများကိုသာ ဖြေရှင်းနေရန်အကြောင်းမရှိတော့ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝ မြင့်မားတိုးတက်ရေးတို့ကို အစဉ်အမြဲ ဇောက်ချလုပ်ကိုင်နိုင်ကာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ရှေးရှုတက်လှမ်းနေမည်သာ ဖြစ်သည်။
ပြဿနာများဖြေရှင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မတ်လ ၁၅ ရက်နေ့က ပဲခူးခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား မှာကြားသည့်အချက်များကို မှတ်သားလိုက်နာရမည်ဖြစ်သည်။ တရား မျှတမှုကို မခံစားရသည့် အချို့ပြည်သူများ၏ ယူဆချက်တွင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ မျှတမှုမရှိခြင်း သို့မဟုတ် ကိစ္စတစ်ခုကို ဆောင်ရွက်ရာတွင် ပြည်သူများအား ပွင့်လင်းမြင်သာစွာချမပြခြင်းဟူသည့် အချက်နှစ်ခုအနက် တစ်ခုသာဖြစ်ကြောင်း သုံးသပ်ထားသည်။
မျှမျှတတလုပ်ဆောင်ခြင်းမရှိလျှင် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ပြည်သူများအား သေချာစွာရှင်းမပြသောကြောင့် နားလည်မှုလွဲမှားသည်ဆိုလျှင် ပြည်သူများအား လေးလေးစားစားဖြင့်နားလည်အောင် ရှင်းပြရမည်ဖြစ်သည်။ အခြားတစ်ချက်မှာ တရားမျှတမှုမရှိသည့်အချက်ကို အကြောင်းပြု၍ ဘေးမှမြှောက်ပင့်ပေးသူများကိုလည်း သတိပြုရမည်ဖြစ်သည်။ ပြဿနာပြေလည်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်း ရေးကို အဓိကမထားဘဲ မီးလောင်ရာလေပင့်သည့်အလုပ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေကြသူများ၊ အဖွဲ့အစည်းများရှိနေသည်ကိုလည်း သတိမူရမည်ဖြစ်သည်။
သို့ဖြစ်ရာ စိန်ခေါ်မှုရှိမှ တိုးတက်မည်။ ပြဿနာရှိမှ တိုးတက်မည်ဟူ၍ခံယူပြီး နိုင်ငံတိုးတက်ပြောင်းလဲလာမှုနှင့်အတူ များပြားလာသည့်စိန်ခေါ်မှုများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြဿနာများအား ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ