ကာရာကတ်စ်   ၁၈  မတ်    

 

ဗင်နီဇွဲလားသမ္မတ   မာဒူရိုအား   ရာထူးမှဖြုတ်ချရန် ကြိုးပမ်းမှုတွင်   ပါဝင်စေရန်   ရည်ရွယ်ပြီး   အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက မတ် ၁၆ ရက်တွင် နိုင်ငံအတွင်း လှည့်လည်ကာ  မဲဆွယ်စည်းရုံးမှု စတင်ခဲ့ကြောင်း ယမန်နေ့အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။

 

အသက် ၃၅ နှစ်အရွယ်ရှိ ဂွါအီဒိုက သမ္မတ မာဒူရိုအား   ထောက်ခံသည့်   ကာကွယ်ရေးတပ်ဖွဲ့   စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့သည့် ဗလန်စီယာမြို့၌ အာဏာရှင်စနစ်ပျက်သုဉ်းပြီး    လွတ်လပ်သောနိုင်ငံ ထွက်ပေါ်လာစေရန် မဲဆွယ်တရားများ စတင်ဟောပြောခဲ့သည် ။

 

အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ အပါအဝင်လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများ၏ ထောက်ခံမှုကိုရရှိထားသော အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက မကြာမီအချိန်တွင်  သမ္မတရာထူးတာဝန်များကို  စတင်ထမ်းဆောင်တော့မည်ဖြစ်သည်ဟု  ထည့်သွင်းပြောကြားခဲ့သည်။

 

သမ္မတရွေးကောက်ပွဲအတွက် ပြန်လည်ကျင်းပပေး ခြင်းမရှိဘဲ  သမ္မတ မာဒူရိုက ဒုတိယအကြိမ် ဆက်လက်တာဝန်ထမ်းရွက်ရန် ကျိန်ဆိုမှုပြုလုပ်ခဲ့ပြီးနောက် သူ့အား ရာ ထူးမှ  ဖြုတ်ချရန်   လှုပ်ရှားမှုများကို   အတိုက်အခံခေါင်းဆောင် ဂွါအီဒိုနှင့်  ထောင်ပေါင်းများစွာသော ပြည်သူများက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

အတိုက်အခံခေါင်းဆောင် ဂွါအီဒို၏  မဲဆွယ်ရေး ခရီးစဉ်တွင်  အတိုက်အခံဥပဒေပြု   အမတ်များလည်း ပါဝင်ခဲ့ပြီး နိုင်ငံရှိ ပြည်နယ် ၂၃ ခုအနက် တစ်ဝက်နီးပါး ခန့်တွင်  သမ္မတ  မာဒူရိုအား  ဖြုတ်ချရန် လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  

 

အေအက်ဖ်ပီ