၁၈ မတ်
ကျွန်တော် စီးပွားရေးပညာကို လေ့လာနေသူဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်အထူးပြုတာက စီးပွားရေးလုပ်ငန်းများဖြစ်တယ်။ကျွန်တော်မကြာခဏပြောသလ (Economics) ဘောဂဗေဒနဲ့ (Business) စီးပွားရေးလုပ်ငန်းများဟာ မတူဘူး။ ဆက်စပ်မှုရှိပေမယ့် သီးခြားရပ်တည်နေတဲ့ ဘာသာရပ်တွေ၊ လေ့လာမှုတွေ။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုစီမံကိန်း
မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ ဖွံ့ဖြိုးမှုစီမံကိန်းတစ်ရပ်ကို ရေးဆွဲထားတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုစီမံကိန်းလို့ခေါ်တယ်။ ၂၀၁၅ မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက လက်ခံခဲ့တဲ့ စဉ်ဆက်မပြတ် ရည်မှန်းချက် (၁၇)ချက်ကိုအခြေခံပြီး ဖော်ထုတ်ထားတာဖြစ်တယ်။ အစိုးရဝန်ကြီးဌာန အသီးသီးအတွက် ရည်ရွယ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီရယူရာမှာ သတ်မှတ်ထားတဲ့ ဘောင်ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း လမ်းပြမြေပုံတစ်ရပ် ဖြစ်နေတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုချင်းအနေနဲ့ ချဉ်းကပ်မှုက ပုံစံတစ်မျိုး။ မိမိဆောင်ရွက်နေတဲ့ လုပ်ငန်းများကို စဉ်ဆက်မပြတ်ရည်မှန်းချက် (၁၇)ချက်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်။ လုပ်ငန်းတစ်ခုအနေနဲ့ ရည်မှန်းချက်အားလုံးကိုတာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ရည်မှန်းချက်တွေကိုသာ ရွေးချယ်ပြီး ဆောင်ရွက်သွားဖို့ဖြစ်တယ်။ အခုလို လုပ်ငန်းတစ်ခုချင်းရဲ့ ရွေးချယ်မှုတွေပေါင်းစပ်လိုက်ရင် ရည်မှန်းချက်တွေကို ပြည့်မီနိုင်အောင်ကြိုးစားခြင်းဖြစ်တယ်။ ချဉ်းကပ်တဲ့ပုံစံက မတူညီကြဘူး။ အစိုးရအနေနဲ့ အထက်ကနေအောက်ကို စီးဆင်းတဲ့ပုံစံကိုလက်ခံပြီး စီးပွားရေးလုပ်ငန်းများအဖို့ အောက်ကအထက်သို့အားပေးခြင်းဖြစ်တယ်။ အမှန်တော့ ချဉ်းကပ်မှုနှစ်ခုစလုံးဟာ အရေးပါတယ်။ တစ်ခုနဲ့တစ်ခု ဟန်ချက်ညီဖို့လိုအပ်တယ်။
စီမံကိန်းစီးပွားရေးပုံစံတွေ သုံးသင့် မသုံးသင့်
ကျွန်တော်က စီမံကိန်းနဲ့ စီစဉ်ဆောင်ရွက်မှုကို ခွဲခြားပြီး ကြည့်တယ်။ စီမံကိန်းဆိုတဲ့စကားကြားရင် အလိုလိုကြောက်ရွံ့နေတယ်။ ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကာလက စပြီး စီမံကိန်းတွေမျိုးစုံ ဖော်ထုတ်ခဲ့တယ်။ ပြည်တော်သာစီမံကိန်း၊ ငါးနှစ်စီမံကိန်း၊ အမျိုးသားစီမံကိန်း၊ ကျန်းမာရေးစီမံကိန်း။ ဒီစီမံကိန်းရေးဆွဲတဲ့ ယဉ်ကျေးမှုဟာ စီမံကိန်းစီးပွားရေး စနစ်ကိုအခြေခံပြီး ဆောင်ရွက်တာ။ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ စီမံကိန်းရေးဆွဲဖော်ထုတ်မှုကိုဦးစားပေးခြင်းမရှိဘဲ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ လုပ်ငန်း တစ်ခုချင်းရဲ့ ကြိုးပမ်းမှုကို စုစည်းတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ စီမံကိန်းတွေကို အစိုးရကရေးဆွဲတဲ့ အလေ့အကျင့်မရှိဘဲ လုပ်ငန်းတစ်ခုချင်းက ကိုယ်နဲ့ဆိုင်တဲ့ပတ်သက်တာကိုသာ အစီအစဉ်တွေ ဖော်ထုတ်ကြတယ်။ ဈေးကွက်စီးပွားရေးစနစ် ဖော်ထုတ်နေတဲ့အချိန်မှာ စီမံကိန်းစီးပွားရေးမှာ ကျင့်သုံးတဲ့ပုံစံတွေကို သုံးသင့် မသုံးသင့်ကတော့ စဉ်းစား စရာကိစ္စတစ်ခုဖြစ်တယ်။
ဒီကိစ္စကတော့ ပညာရပ်ဆိုင်ရာ အပြန်အလှန်ဆွေးနွေးရမယ့် ဆွေးနွေးသင့်တဲ့ကိစ္စဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အစီအစဉ်တွေ ရေးဆွဲနေတာဖြစ်တာမို့ ပုဂ္ဂလိကကဏ္ဍနဲ့ နိုင်ငံတော်ကဏ္ဍ ကွဲပြားကို သုံးသပ်မိတယ်။ စီမံကိန်းရေးဆွဲမှုကို ဦးစားပေးခြင်းမပြုဘဲမိမိဖြစ်စေချင်တဲ့ ဦးတည်ချက်ရူပါရုံကို အာရုံစိုက်ပြီး ချဉ်းကပ်တာဖြစ်တယ်။ စဉ်ဆက်မပြတ် ရည်မှန်းချက်တွေ အောင်မြင်ပြည့်မီဖို့ အားလုံးပါဝင်ပတ်သက်ဖို့ လိုအပ်တယ်။
နိုင်ငံတော်ဦးဆောင်မှုအောက်က ပုဂ္ဂလိကကဏ္ဍနိုင်ငံတော်ရဲ့ဦးဆောင်မှုအောက်မှာ ပုဂ္ဂလိကကဏ္ဍက တက်တကြွ်ကြွကပါဝင်ရမှာ။ တစ်ဖက်ကလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေကလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့လိုအပ်တယ်။ ဒါကြောင့်လည်း မကြာသေးမီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က တက်တကြွ်ကြွကပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပါဝင်တဲ့ပုံစံက အသင်းကြီးရဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေ တစ်ခုချင်းအနေနဲ့မိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့၊ ဆက်စပ်တဲ့ စဉ်ဆက်မပြတ်ရည်မှန်း ချက်တွေကို သေချာစွာရွေးချယ်ပြီး ဆောင်ရွက်မှာဖြစ်တယ်။ အခုလို လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ သိသာထင်ရှားတဲ့ အဖြေတွေရနိုင်မှာသာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရဟာ တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းရပ်တွေကို ဦးစားပေးဆောင်ရွက်ခဲ့တယ်။ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပခဲ့တယ်။ ယုံကြည်မှုတည်ဆောက်နေတယ်။ နားလည်မ ရအောင် လုပ်နေတယ်။ ဒီလုပ်ငန်းတွေကို အထောက်အကူဖြစ်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့ ငြိမ်းချမ်းရေးအတွက်စီးပွားရေး Business for Peace (B4P) စီမံချက်ကိုအကောင်အထည်ဖော်လျက်ရှိတယ်။
NCA လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး စီးပွားရေးလုပ်နိုင်အောင် အားပေးလျက်ရှိတယ်။ အခုလိုဆောင်ရွက်ရာ မှာ သူတို့မှာရှိတဲ့ လူမှုရေး၊ နိုင်ငံရေး အရင်းအနှီး တွေနဲ့ ဘဏ္ဍာရေးအရင်းအနှီးတွေရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေ ဖော်ထုတ်နေတာ။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်တတ်တယ်။ ဒါကြောင့်လည်း အောင်မြင်ခဲ့ကြတာ။ သူတို့ကို ပြစ်တင်ဝေဖန်ရုံ ဖြေမရနိုင်ဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ တည်ဆဲနိုင်ငံရေး စနစ်နဲ့ အဆင်ပြေအောင် လုပ်ကြရသူတွေဖြစ်တယ်။ ဒါပေမယ့်စီးပွားရေးလုပ်ငန်းရှင်တွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့က အရေးကြီးတယ်။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် လုပ်ဖို့လိုတယ်။
တာဝန်ကျေတဲ့ ရင်းနှီးမြှုပ်နှံမှုအခုခေတ်မှာတော့ တာဝန်ကျေပွန်တဲ့စီးပွားရေး၊ တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးရမှာသာဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အစည်းအဝေးကို တက်ရောက်ခဲ့တယ်။ ဒီအဖွဲ့အစည်း က မကြာခင်က ဖွဲ့စည်းတဲ့အသင်း။ ကုန်သည်ကြီးများအသင်းရဲ့အဖွဲ့ဝင် အသင်းတစ်ခု။ တိုင်းရင်းသားလုပ်ငန်းရှင်များနဲ့ စုစည်းခဲ့တာ။ အောင်မြင်နေကြသူတွေ။ အခုဆိုရင် လူမျိုးစုအလိုက်အဖွဲ့ဝင် အသင်းတွေ ဖွဲ့စည်းပြီးပြီ။ လုပ်ချင်ကိုင်ချင်တဲ့စိတ်အပြည့်၊ ပါဝင် ကူညီလိုတဲ့စိတ်အပြည့်။ တလောက ကျင်းပခဲ့တဲ့ သွေးချင်း တို့ရဲ့ ပွဲတော်ဆီပွဲကြီးကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။
နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အခုအချိန်ပြန်လည်လုပ်နိုင်ခဲ့တယ်။ သာမန်ပွဲမဟုတ်ဘဲ အလွန်အဓိပ္ပာယ်ရှိတဲ့ပွဲ။ တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှု၊ အဝတ်အစား၊ အစား သောက်တွေကို ထင်ထင်ရှားရှားပြသနိုင်ခဲ့တယ်။ ကချင်တိုင်း ရင်းသားတွေက ဦးစီးခဲ့ပြီး မနောပွဲကို ကျင်းပနိုင်ခဲ့တယ်။ တိုင်းရင်းသားမယ် ရွေးချယ်ပွဲကိုလည်း လုပ်နိုင်ခဲ့တယ်။ အခုလိုဆောင်ရွက်တဲ့နေရာ အားလုံးက အိတ်စိုက်လုပ်ခွင့်ရတဲ့ အချိန်ကစပြီး ကွင်းကြီးကို ရှင်းလင်းပြုပြင်ခဲ့တယ်။ ကုန်လိုက်တဲ့ငွေက မနည်းလှဘူး။ ဒါပေမယ့် စေတနာအပြည့်၊ အင်အားအပြည့်။ ကျွန်တော်က သူတို့ကိုကြည့်ပြီး အားနာနေမိတယ်။ ကိုယ်က ပြန်လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ နှုတ်၏စောင်မခြင်းသာ လုပ်ပေးနိုင်ခဲ့တာ။ ဒီကွင်းထဲမှာ ငြိမ်းချမ်းရေးကို ခေတ္တခဏ ဖန်တီးနိုင်ခဲ့တာ။ အသင်းအမှုဆောင်တွေကို ကျွန်တော်အာမခံတစ်ခု တောင်းခဲ့ပါတယ်။ သူတို့ဟာ အသင်းကြီးကိုမှီခိုပြီး ကိုယ်ပိုင်စီးပွားရေးမလုပ်ဖို့၊ တိုင်းရင်းသားတွေ စီးပွားရေး လုပ်နိုင်အောင်ပြုစုပေးဖို့၊ အားပေးဖို့၊ ထောက်ပံ့ဖို့။ အကယ်၍ သူတို့က စီးပွားရေးဝင်လုပ်ရင် “ဂွင်” ရိုက်တဲ့အကျင့်စရိုက်ကိုရှောင်ဖို့၊ ဒါတွေကိုလည်း သူတို့က လက်ခံသဘောတူကြတယ်။
စီးပွားရေးလုပ်ငန်းရှင်များ၏ အင်အားတိုင်းရင်းသားများ၏ အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေဟာ က္ဘာ့ဈေးကွက်ထဲ ထိုး ဖောက်လိုက်နိုင်တာ။ ဒီလိုဆောင်ရွက်နိုင်အောင်လည်း နိုင်ငံတော်အစိုးရကအားပေးပြီး တိုင်းရင်းသားလုပ်ငန်း ရှင်များက ဖေးမကြမှာ။ နိုင်ငံမှာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင်၊ ဖွံ့ဖြိုးလာအောင် လုပ်ဖို့လိုတယ်။ နိုင်ငံတော်ရဲ့ဆောင်ရွက်မှုတွေကိုပုဂ္ဂလိကကဏ္ဍကလည်း ပါဝင်ဖို့လိုအပ်မှာ။ အဓိကအကြောင်းက စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဘယ်လိုမြင်သလဲ။ သံသယနဲ့ကြည့်နေရင် တွေ့မှာမဟုတ်ဘူး။ အတွေးအမြင်တွေ ပြင်ဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။ မြေတောင်မြှောက်ပေးဖို့လိုမယ်။
အားပေးရမယ်။ စီးပွားရေးလုပ်ငန်းရှင်တိုင်း တောင့်တတာက စီးပွားရေးလွယ်လွယ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်။ ဒီပတ်ဝန်းကျင်ကို နိုင်ငံတော်အစိုးရက ဖန်တီးပေးဖို့လိုတယ်။ စီးပွားရေးလုပ်တဲ့သူတွေအတွက် အနှောင့်အယှက်ဖြစ်နေ တာတွေကို ဖြေလျှော့ပေးရမယ်။ မြန်အောင်၊ လွယ်အောင်လုပ်ပေးဖို့လိုတယ်။ ခွင့်ပြုချက်တွေ၊ ဥပဒေတွေနဲ့ ချုပ်ကိုင်ထားမယ့်အစား စီးပွားရေးတွေ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်လုပ်နိုင်အောင် ကြိုးစားရမယ်။ တရားဥပဒေ ဘောင်အတွင်းက လုပ်ပေးနိုင်သမျှတွေကို ဆောင်ရွက်ရမယ့်အဂတိလိုက်စားမှုကို နှိမ်နင်းရမယ်။
စီးပွားရေးတိုးတက်ဖို့၊ အောင်မြင်ဖို့သော့ချက်က လုပ်ငန်းရှင်တွေဖြစ်တယ်။ သူတို့ကြောင့် အလုပ်အကိုင်အခွင့်အရေးတွေ ဖော်ထုတ်နိုင်တယ်။ တီထွင်မှုတွေ ဖန်တီးပေးနိုင်တယ်။ စွန့်ထွင်ဦးစီးတဲ့သူတွေကို အားပေးဖို့လိုတယ်။ အခြေခံတစ်ခုက ယုံကြည်မှုဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တယ်။ နားလည်မှုတွေရအောင် ကြိုးစားရမယ်။ အခြေခံအဆောက်အုံတွေကို ဖော်ထုတ်ပြီး တစ်ဖက်တစ်လမ်းက ကူညီသလို မလိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေကိုလည်း ပြန်လည်သုံးသပ်ဖို့လိုတယ်။ စဉ်ဆက်မပြတ်ရည်မှန်းချက်တွေ အောင်မြင်ဖို့၁၀ နှစ်ကျော် ကျန်တော့တယ်။ အခုအချိန်ကစပြီး ကောင်းတဲ့အခြေခံအုတ်မြစ်တွေစပြီး ချပေးနိုင်ရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို လက်တွဲခေါ် ဖို့ လိုအပ်တယ်။ ခေတ်အဆက်ဆက်က ရည်မှန်းချက်တွေချမှတ်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့နေရာမှာ အစိုးရကသာ လုပ်မယ်လို့စဉ်းစား ခဲ့တယ်။ အခုအချိန်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလက်တွဲခေါ် ဖို့ လိုအပ်တယ်။ သူတို့ရဲ့အားကို ယူနိုင်ရမယ်။သူတို့ဘက်ကလည်း လိုလိုချင်ချင်ရှိလှတာမို့ ဆောင်ရွက်ဖို့မခဲယဉ်းလှပါဘူး။ အစိုးရနဲ့ပုဂ္ဂလိက ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးလှပါတယ်။ ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်