မြန်အောင်  ၁၈ မတ် 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မတ် ၁၇ ရက်နံနက် ၁၀ နာရီက မြန်အောင်မြို့နယ် ထောက်ကျန့်ကွင်းကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည့် တံတားအလှူရှင် မိသားစု များနှင့် ဒေသခံများကို ဂုဏ်ပြု၍ တံတားဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့်အတူ ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ တင်ပြချက်များနှင့် အစိုးရနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ၏ လိုအပ်ချက်များ အားနည်းချက်များ၊ သံသယ ဖြစ်စေသည်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်နိုင်ရန် လူထုတွေ့ဆုံပွဲကိုပါ ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ တင်ပြချက်များအား အလေးထားကာကူညီဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် တင်ပြလိုသည်များကိုပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။

 

2

 

ထို့နောက် ဒေသခံပြည်သူများက တင်ပြရာတွင် စိုက်ပျိုးစရိတ်ချေးငွေအား နှစ်ရှည်ထုတ်ချေးခွင့်ရရှိ ရေး၊ သဘာဝဘေးကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးရခြင်းအတွက် ထောက်ပံ့ငွေများ တိုးမြှင့်ရရှိ ရေး၊ ပညာရေးကဏ္ဍအတွက် မူလတန်းတိုးချဲ့ကျောင်းဆောင် အမြန်ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်ရေး၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးရေး၊ ကမ်းထိမ်းရေလွှဲတန်းလုပ်ငန်းဆောင်ရွက်မှုအတွက် ပစ္စည်းနှင့်ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှု မဖြစ်စေရေးအတွက် သက်ဆိုင်ရာက ကြပ်မတ်ပေးရန်ကိစ္စ၊ ကျန်းမာရေးအတွက် သင့်တော်သည့် ဆေးရုံ၊ဆေးခန်း ခွင့်ပြုချထားပေးနိုင်ရေးနှင့် ကျေးလက်ဒေသလျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်သူလူထု၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အခြေအနေများကို ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(ပြန်/ဆက်)