၁၈ မတ်
ပရီမီယားလိဂ် ပွဲစဉ် (၃၁)အဖြစ် မတ် ၁၇ ရက်နေ့ညက ဖူလ်ဟမ်နှင့်လီဗာပူး၊ အဲဗာတန်နှင့် ချယ်လ်ဆီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက အဝေးကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်သို့ ယာယီတက်လှမ်းသွားနိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းသည် အဲဗာတန်အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
လီပူးအသင်းဟာ အဝေးကွင်းဖြစ်သော်လည်း တန်ဆင်းဇုန်ထဲသို့ ရောက်နေသည့် ဖူလ်ဟမ်အသင်းကို နိုင်ပွဲရရှိခဲ့ပါက အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် အကောင်းဆုံးပုံစံဖြင့် ပွဲထွက်လာခဲ့သည်။ လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကိုတော့ မာနေးက ပွဲချိန် ၂၆ မိနစ်တွင် သွင်းယူထားနိုင်ခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်တွင် ရိုင်ယန် ဘာဘယ်က ချေပဂိုးပြန်လည် သွင်းယူခဲ့တာကြောင့် နိုင်ပွဲပျောက်ဆုံးမယ့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ မထင်မှတ်ပဲ ချေပဂိုးပေးလိုက်ရတာကြောင့် လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းဘက်သို့ ဖိအားပေး ထိုးဖောက်တိုက်စစ်ဆင်လာခဲ့ရာ ပွဲချိန် ၈၁ မိနစ်တွင် ပယ်နယ်တီမှတဆင့် ဂျမ်းမီနာက လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။
ယခုပွဲစဉ်တွင် တိုက်စစ်မှူး ဆာလာသည် ပရီမီယားလိဂ်သွင်းဂိုး ၅၀ ကို ရှာဖွေနေသော်လည်း ရရှိလာခဲ့သည် ပယ်နယ်တီကိုတော့ ကွင်းလယ်လူ ဂျိမ်းမီနာက ကန်းသွင်းခဲ့တာကြောင့် ဆာလာအနေဖြင့် ပရီမီယားလိဂ် သွင်းဂိုး ၅၀ အား သွင်းယူထားနိုင်ခဲ့ခြင်း မရှိခဲ့တာကို တွေ့ရသည်။ လီဗာပူးအသင်းဟာ ယခုပွဲအနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရမှတ် ၇၆ မှတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ကာ မန်စီးတီးအသင်းနှင့် ရမှတ် ၂ မှတ်သာ ကွာခြားနေသည်။ မန်စီးတီးအသင်းအနေဖြင့် လီဗာပူးအသင်းထက် တစ်ပွဲလျော့ ကစားထားပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင် ရောက်ရှိနေသည်။
အဲဗာတန်နှင့်ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုရုန်းကန်ရတော့မည်ဖြစ်သည်။ အဲဗာတန်အသင်းအနေဖြင့် ဒီရာသီ ပရီမီယားလိဂ် ထိပ်ဆုံး ၆ သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် သူတို့အသင်းရဲ့ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းဟာ ယခုပွဲရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၅၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၆)နေရာ၌ ရောက်ရှိနေကာ မန်ယူအသင်းနှင့် ရမှတ် တစ်မှတ်ကွာဟနေသလို အာဆင်နယ်အသင်းနှင့်လည်း ရမှတ် ၃ မှတ်အထိ ကွာဟနေတာကို တွေ့ရသည်။
MDN