ဒိုက်ဦး ၁၈ မတ်
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ဒရယ်မီးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေး မိုင်တိုင်အမှတ် ၈၅/၃ နှင့် ၈၅/၄ အကြားရှိ လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က ဆိုင်တွင် ထိုင်နေသည့် မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၆) ပဲခူးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒိုက်ဦးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါ လက်ဖက်ရည်ဆိုင်အတွင်းတစ်ဦးတည်း ထိုင်နေ သော အောင်ဆန်းဝင်း(ခ)ဆန်းဝင်း (၃၉)နှစ် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ သပြေစမ်း ကျေးရွာနေသူ အားစစ်ဆေးရှာဖွေရာနီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅၇၆)ပြား OPPO ဖုန်းတစ်လုံးနှင့် ငွေစက္ကူ ငါးထောင်ကျပ်တို့ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအား အောင်ဆန်းဝင်း(ခ)ဆန်းဝင်းမှ ၎င်းကိုယ်တိုင်သုံးစွဲရန် နှင့် တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူထားကြောင်းစစ်ဆေးပေါ်ပေါက်၍ ဒိုက်ဦးမြို့မ ရဲစခန်းမှ စစ်ဆေး အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)