ဂျေရုစလင် ဒီဇင်ဘာ ၃
အရပ်သားပြည်သူများကို ပျက်စီးနေသော နယ်မြေမှ ထွက်ခွာခွင့်ပေးရန် အီဂျစ်နှင့် ဂါဇာကြား အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ရာဖာဖြတ်သန်းရေးဂိတ်ကို လာမည့်ရက်များအတွင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အစ္စရေး၏ ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ သည်။
ဒေသခံပြည်သူများ ဂါဇာကမ်းမြောင်ဒေသမှ အီဂျစ်သို့သွား ရောက်နိုင်ရန်အတွက် ဖြတ်သန်းရေးဂိတ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂါဇာကမ်းမြောင်သို့ အကူအညီများ ဝင်ရောက်မှုကို ကြီးကြပ်ကွပ်ကဲသည့် နယ်မြေဒေသများရှိ အစိုးရလုပ်ငန်းများ ညှိနှိုင်းရေးမှူးရုံးက လူမှုမီဒီယာ အိတ်စ်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
အစ္စရေးက ထွက်ခွာရန် ခွင့်ပြုလိုက်သည့် ဒေသခံပြည်သူများသည် ဥရောပသမဂ္ဂမစ်ရှင်၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အတူ အီဂျစ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဆောင်ရွက်မှုများအရ ရာဖာဖြတ်ကျော်ရေး ဂိတ်မှတစ်ဆင့် ထွက်ခွာကြမည်ဖြစ်ကြောင်း အစိုးရလုပ်ငန်းများ ညှိနှိုင်းရေးမှူးရုံးက ဖော်ပြခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို အပစ်ရပ်စဲရေးသဘောတူညီချက်နှင့် နိုင်ငံရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရလုပ်ငန်းများ ညှိနှိုင်းရေးမှူးရုံးက ဆက်လက်ဖော်ပြခဲ့သည်။
ဆင်ဟွာ


