ဗန်းမောက် ၁၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်တက်ယာဉ်တစ်စီး နောက်ပြန်ကျရာအတက်ယာဉ်နှင့် တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဗန်းမောက်မြို့မရဲစခန်းမှ ရဲအုပ်ယဉ်ထွေး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ဇလုံတောင်တက်ယာဉ်တစ်စီး နောက်ပြန်ကျကာ အတက်ယာဉ်နှင့် တိုက်မိကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်တက်(ဖိုးမဲလုံးကွေ့) အတက်နေရာတွင် သားငယ်(ခ) မင်းခန့်သူ မောင်းနှင်သော ယာဉ်သည် ဘုရားဖူးခရီးသည် (၁၅)ဦး တင်ဆောင်ပြီး တောင်ပေါ်တက်ရာမှ နောက်ပြန်လိမ့်ဆင်းသွားကာ နောက်မှတက်လာသော အောင်အောင်မောင်းနှင်လာသည့် ဘုရားဖူးခရီးသည်တင်ယာဉ်၏ ဝဲဘက်ဘော်ဒီအားတိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါဘုရားဖူးခရီးသည်များ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ သားငယ်(ခ) မင်းခန့်သူကို ဗန်းမောက်မြို့မရဲစခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)