၁၈ မတ်
မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ် (တိုင်ပေ) လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ၌ ကျင်းပရာမြန်မာအသင်း ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်း၊ တရုတ် (တိုင်ပေ) လက်ရွေးစင်အသင်းနည်းပြချုပ် လူးဝစ်လန်ကာစတာနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း''လေ့ကျင့်ရက်နည်းတယ်လို့ မပြောပါဘူး။ ရတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ကစားသမားတွေနဲ့ ကျွန်တော်ကြားမှာ ယုံကြည်မှုနဲ့ပဲတည်ဆောက်ထားပါတယ်။ ကန်တင်ပြေးပုံစံမဟုတ်ဘဲ ကောင်းမွန်တဲ့ကစားကွက်၊ ကစားဟန်ကို တွေ့မြင်ရအောင် လုပ်ဆောင်ထားပါတယ်။ ကစားသမားတွေအနေနဲ့ ကျွန်တော်သင်ကြားထားတဲ့အတိုင်း ကစားနိုင်မယ်ဆိုရင် အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ ဒီပွဲမှာ အနိုင်အရှုံးရလဒ်ထက် ကျွန်တော်သင်ထားတဲ့အပေါ် ကစားသမားတွေ ဘယ်လောက်လိုက်ကစားနိုင်သလဲဆိုတာ ကြည့်ရမှာပါ။ ကျွန်တော်အနေနဲ့ ကစားသမားတွေကို ရွေးချယ်တဲ့နေရာမှာ နာမည်ကိုမကြည့်ပါဘူး။ ကလပ်အသင်းမှာ ကစားခွင့်ရမယ်၊ ခြေစွမ်းလည်းကောင်းမယ်ဆိုရင် ရွေးချယ်မှာပါ''ဟု ပြောကြားခဲ့သည်။ တရုတ် (တိုင်ပေ) အသင်းနည်းပြချုပ် လူးဝစ်လန်ကာစတာက ''ကျွန်တော်တို့ သေချာပြင်ဆင်နေသလို စက်တင်ဘာမှာကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားတာဖြစ်ပါတယ်။ မြန်မာအသင်း ကစားပုံကို လေ့လာထားသလို ခြေစွမ်းကလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ကလည်း ခြေစမ်းပွဲဖြစ်ပေမယ့် အကောင်းဆုံးရလဒ်ရအောင် ကစားမှာပါ။ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ သေချာပါတယ်''ဟု ပြောကြားခဲ့သည်။
တရုတ် (တိုင်ပေ) အသင်းသည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းနှင့် တရုတ် (တိုင်ပေ) အသင်းသည် မတ် ၁၉ ရက် ညနေ ၆ နာရီတွင် မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်