နေပြည်တော် ၁၈ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၄ ရက်က ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၉၄/၄)နှင့် (၉၄/၅)အကြား ကံဆယ်ကျေးရွာအနီးနေရာ၌ NISSAN Diesel ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၁၂ဒသမ၁၇၇၆)တန်အားလည်းကောင်း၊ ထိုနေ့တွင်ပင် မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ကျွန်းပြဿဒ်မြစ်အတွင်း ဖားကူးစက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက် /သစ်ပုတ် / ဘောင်ဆန့်ခွဲသား(၆၆)ချောင်း (၁၄ဒသမ၂၇၄၆)တန်နှင့် ပြစ်မှုကျူးလွန်သူ(၃)ဦးအား လည်းကောင်း၊ မတ်၁၆ရက်တွင် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်းအကွက် အမှတ်(၂၇) အတွင်း တရားမဝင်သပြေ/စကားဝါခွဲသား (၃၂)ချောင်း (၁၅ဒသမ၉၃၅၀)တန်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် မတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းမိုင်တိုင်အမှတ်(၃/ဝ)အနီးမှ ယာဉ်အမှတ်(MDY SI/722)တပ်ဆင်ထားသော FUSO(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၄)တန်ကျော်ခန့်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦးအား လည်းကောင်း၊မတ် ၁၅ နှင့် ၁၆ ရက်တို့တွင် ပဲခူးမြို့နယ်၊ ဘောနက်ကြီး-ဇောင်းတူကား လမ်းနှင့် ဘောနက်ကြီးကျေးရွာပတ်ဝန်းကျင်တို့မှ တရားမဝင်သစ်တောထွက်ပစ္စည်းတင်ဆောင်သော မော်တော်ယာဉ်(၉)စီး၊ ပြစ်မှုကျူးလွန်သူ(၉)ဦး၊ မီးသွေး(၃၁)တန်၊ တရားမဝင်သစ်ခွဲသား (၃၈ဒသမ၈၁၇၃)တန်ခန့်တို့အားလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့အား စုံစမ်းရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မောင်လူမော်