ပဲခူး ဒီဇင်ဘာ ၁၆

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကျင်းပမည့် မြို့နယ် ၈ မြို့နယ်အပြင် အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် ဆက်လက်ကျင်းပသွားမည့် မြို့နယ် ၂၀ တို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် MEVM မဲပေးစက်များ ပြောင်းရွှေ့ခြင်းအပြင် မဲရုံလုံခြုံရေးနှင့် ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မရှိစေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိက မြို့နယ်အလိုက် MEVM မဲပေးစက်များ ဖြန့်ခွဲပေးပို့ထားရှိမှု၊ နည်းပညာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် မဲဆန္ဒရှင် အမျိုးအစားအလိုက် ကြိုတင်မဲပေးနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်း ပြုစုထားရှိမှု အခြေအနေတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် မဲရုံများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကာ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက လုံခြုံရေးဆိုင်ရာ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)