မန္တလေး ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့တွင် တစ်နိုင်ငံ လုံးရှိ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သတ်မှတ် မဲရုံများ၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲပေးကြသည်။
လိုက်လံကြည့်ရှု
မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတွင်းရေးမှူးတို့သည် ယနေ့နံနက်ပိုင်းက သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများ ပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်များ၌ မဲရုံများကို နံနက် ၆ နာရီမှစတင်၍ စနစ်တကျ ဖွင့်လှစ်ပေးပြီး မဲဆန္ဒရှင်ပြည်သူများကလည်း စိတ်အားထက်သန် စွာဖြင့် မဲရုံ၏စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကာ ဆန္ဒမဲများ ပေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနေမှုများ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးနေမှုများကို မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ဆန္ဒမဲများပေးပြီးနောက် လိုက်လံကြည့်ရှုခဲ့ကြသည်။
စနစ်တကျဖွင့်လှစ်
ယနေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ အောင်မြေ သာစံမြို့နယ် စုစုပေါင်းရှစ်မြို့နယ်တို့ပါဝင်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၃၅၃၄၉၂ ဦး အတွက် မဲရုံပေါင်း ၁၂၄၂ ရုံကို စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


