နေပြည်တော် ဒီဇင်ဘာ ၂၉

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ လေးလုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

 

ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် လေးထပ်အဆောက်အအုံ တစ်လုံးနှင့် နှစ်ထပ်အဆောက်အအုံ သုံးလုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ လေးလုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၅၁၉ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံ ပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် နှစ်ထပ်အဆောက်အအုံ ငါးလုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၇၁ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် KK Park နယ်မြေနှင့်ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်