ဂျကာတာ   ဒီဇင်ဘာ   ၂၉

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်မြို့တော် မာနာဒိုရှိ   ဘိုးဘွားရိပ်သာတစ်ခုတွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့်   သေဆုံးခဲ့သူ   ၁၆   ဦးကို    မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခွဲခြားနိုင်ရန်   ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။

မြောက်ဆူလာဝေစီ   ဒေသရဲတပ်ဖွဲ့ဆေးရုံဖြစ်သော ဘာယန်ကာရာဆေးရုံ၌   သေဆုံးသူများ၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခွဲခြားလျက်ရှိသည်ဟု တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

မြောက်ဆူလာဝေစီပြည်နယ် ပြည်သူ့ဆက်ဆံရေးအကြီးအကဲ အလမ်ဆာယာပီဟာဆီဘူရန်က ကျန်ရစ်သူမိသားစုများနှင့်မဆက်သွယ်မီ သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်း၏   ပြောကြားချက်အရ  ဘိုးဘွားရိပ်သာမီးလောင်မှုသည် ဒေသစံတော်ချိန်  ည  ၈  နာရီ  ၃၆ မိနစ်တွင်   ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကို ည ၉ နာရီခွဲတွင်  ငြှိမ်းသတ်နိုင်ခဲ့ သည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်အရ မီးသတ်အရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ကြသည်။

အသက်ရှင်  ကျန်ရစ်သူများကို   မာနာဒိုမြို့   ပြည်သူ့ဆေးရုံနှင့်  ပါမာဒါဘွန်ဒါဆေးရုံများသို့ ရွှေ့ပြောင်းခဲ့ပြီး  ကွယ်လွန်သူများကိုလည်း နောက်ထပ်လိုအပ်သည်များ စီမံနိုင်ရန် အဆိုပါဆေးရုံများသို့ပင်  လွှဲပြောင်းပေးခဲ့သည်။

ကနဦးမီးလောင်မှုဖြစ်စဉ်ကိုသိရှိရန် ရဲမှုခင်းဆေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဆင်ဟွာ