နေပြည်တော် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံခြောက်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့တွင် မြဝတီ-မဲ့ထော်သလေး(KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် လေးထပ်အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်အဆောက်အအုံ နှစ်လုံးနှင့် တစ်ထပ် အဆောက်အအုံသုံးလုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ခြောက်လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၅၂၅ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရား များအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် နှစ်ထပ်အဆောက် အအုံငါးလုံးကို ထပ်မံဖျက်ဆီး နိုင်ခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၇၆ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ပေါင်းစပ်ညှိနှိုင်း
ယင်းအပြင် KK park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှု မရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


