နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ သီးခြားစီ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အားပေးစကားပြောကြား
ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း (ရန်အောင်မြင်)နှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်းများ၌ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကိုကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ထို့နောက် ကျောင်းသားအရေအတွက်နှင့် စာသင်ခန်း မျှတမှုအခြေအနေ၊ သောက်သုံးရေ လုံလောက်မှု အခြေအနေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး အခြေအနေ၊ စာသင်ခန်းများ၊ ကျောင်းမုန့်ဈေးတန်း၊ စက်ဘီးရပ်နားရုံ၊ ကစားကွင်းနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် အဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား ကျောင်းသူများ စုပေါင်းတန်းစီကွင်းများ စနစ်တကျရှိစေရေးနှင့် တန်းစီကွင်းရှိ အလံတိုင်များ သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ စာသင်ခန်းလုံလောက်မှုနှင့် ကျောင်းသားဝင်ဆံ့မှု အခြေအနေ၊ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ရောင်းချရေး၊ ဆိုင်ကယ်နှင့် စက်ဘီးထားရှိရန်အတွက် နေရာသတ်မှတ်ဆောင် ရွက်ထားရှိရေး၊ သန့်စင်ခန်း ပြည့်စုံမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


