ဘားအံ ဒီဇင်ဘာ ၃၀
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၁၀ ဒသမ ၉၃၂ သန်းဖြင့် ဘောနော်ထူးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီးစီးသော ထန်းတပင်- ကော့လှိုက်- ဝင်းကျန်- ကရင်ဖာလင်- ထုံးအိုင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းမုခ်ဦး၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဓိကလမ်းမကြီးများပေါ်သို့ လွယ်ကူလျင်မြန်စွာရောက် ရှိနိုင်မည့် ကျေးလက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ကျေးလက်နေ ပြည်သူများ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများ ပြည့်စုံကောင်းမွန်လာပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းသစ် ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။
ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင် ဖာလင်-ထုံးအိုင်လမ်းသည် စုစုပေါင်းလမ်းအရှည် ခြောက်မိုင် ငါးဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ငါးမိုင်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ခုနစ်ဖာလုံ၊ ပေ ၂၀ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert တစ်စင်း၊ ၂၀၂၄-၂၀၂၅ ဖြည့်စွက်ရန်ပုံငွေဖြင့် ၁၀ ပေတံတားတစ်စင်းနှင့် Box Culvert တစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းသစ် ခြောက်ဖာလုံတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကာ ယခုအခါ ရာခိုင်နှုန်းပြည့်ကွန်ကရစ်လမ်းအဖြစ် ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


