သစ္စာ(MNA)

နှစ်သစ်ကူးအခါသမယ ဆောင်းနံနက်ခင်းသည် အေးမြနေသော်လည်း နေရောင်ခြည်နွေးနွေးက  လွှမ်းခြုံထားသည်။   အေးမြမှု၊   နွေးထွေးမှုရောယှက်ထားသည့် နေ့တစ်နေ့အစနှင့်အတူ ရန်ကုန်-ပြည် အဆန် အထူးလေအိတ်ရထားကြီးသည်   တာဝန်ထမ်းဆောင်ရန်  အသင့်ဖြစ်နေပြီး ဘူတာကြီး၏ အမှတ်(၁)စင်္ကြံပလက်ဖောင်း၌ ခရီးသွားများက   ရထားထွက်ချိန်ကို   အဆင့်သင့်စောင့်ဆိုင်းနေရာယူလျက်ရှိကြသည်။ ၂၀၂၆ ခုနှစ်၏ အဦးအစ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ လေးရက်တာသည် အများပြည်သူ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့်အတွက် ဘူတာကြီးတွင် ခရီးသွားပြည်သူများက အပြည့်။

ရထားကြီးနှင့်အတူ လိုက်ပါမည့် ခရီးသည်များကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများက လိုက်ပါပို့ဆောင်နှုတ်ဆက်ကြရင်းဖြင့် ရန်ကုန်ဘူတာကြီး နံနက်ခင်းသည် ပို၍ သက်ဝင်လှုပ်ရှားနေပြီးမီးရထားဝန်ထမ်းများက ရထားစီးခရီးသွားပြည်သူများကို ခရီးဦးကြိုပြုဝန်ဆောင်မှုပေးကြကာ ရထားစီးပြည်သူများကို ရထားတွဲဆိုင်းများသို့ ညွှန်ပြပို့ဆောင်ပေးခြင်း၊ လက်မှတ်စစ်ဆေးပေးခြင်း၊ ထွက်ခွာချိန်နှင့် ခရီးစဉ်ကို ကြေညာပေးခြင်း စသည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသည်။

ရထားစီးခရီးသွားပြည်သူများအတွက် နွေးထွေးပျူငှာသော   ဝန်ဆောင်မှုကို   ပေးနိုင်ရန် ကြိုးပမ်းမှုအတူ   အဆင့်မြှင့်ထားသော   မြန်မာ့မီးရထား၏  ရထားလမ်းပိုင်းများ၊  ရထားတွဲဆိုင်းများကို ပြည်သူများက မှတ်မှတ်ထင်ထင် အသိအမှတ်ပြုကြသည်။ အေးအေးငြိမ့်ငြိမ့် သာသာယာယာ ရထားစီးရင်း အပန်းဖြေခရီးထွက်ခြင်းက ပြည်သူအကြိုက် ခရီးသွားပုံစံတစ်မျိုး ဖြစ်လာသည်။

“သမီးက Grade-12 ကျောင်းသူတစ်ဦးပါ။ ရထားမစီးဖူးဘူး။  ပြည်ကိုသွားတိုင်း မှန်လုံယာဉ်နဲ့ပဲ ခရီးသွားဖူးတာ။ လူငယ်တစ်ယောက်အတွက် ရထားစီးပြီး ခရီးသွားအတွေ့ အကြုံတစ်ခု ရချင်တယ်။ ခရီးသွားခြင်းဟာ အသိဉာဏ်ပွင့်လန်းမှုကို အထောက်အကူပေးတယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ရထားကြီးစီးပြီး အေးအေးချမ်းချမ်းနဲ့ ပြည်ကိုသွားရတဲ့ အတွေ့အကြုံက ဘဝရဲ့ အမှတ်တရတစ်ခုဖြစ်လာမှာပါ။ ဒီလိုရထားကြီးစီးပြီး ခရီးသွားရတာ၊ ခရီးသွားရင် စာဖတ်ရတာ၊ အပြင်က သဘာဝအလှကို ကြည့်ရှုရမှာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပြီးတော့ ရထားက သန့်သန့်ရှင်းရှင်းရှိတဲ့အတွက် ပိုပြီးအဆင်ပြေတယ်။ ရထားကြီးမစီးရသေးတဲ့သူ စီးကြည့်ပါလို့ အကြုံပြုပါတယ်။ နှစ်သစ် မှာ သမီးလို ခရီးသွားသူအပေါင်း ကိုယ်စိတ်နှလုံး အေးချမ်းပျော်ရွှင်ကြပါစေလို့   ဆုတောင်းပေးပါတယ်” ဟု ပြည်မြို့သို့ ရထားဖြင့် ခရီးသွားရောက်မည့် မချယ်ရီမွှေးက ပြောသည်။

မြန်မာ့မီးရထားသည် ပုံမှန်ရထားခရီးစဉ်များ ပြေးဆွဲမှုနှင့်အတူ ရက်ရှည်ရုံးပိတ်ရက်များ၌ အထူးရထားများ ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူ ခရီးသွားလာမှုအတွက်  ကြိုးပမ်းဝန်ဆောင်မှုပေးလျက်ရှိသည်။

ရထားစီးခရီးသွားပြည်သူများအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်အမှတ်(၁) အဆန်စာပို့ရထား၊ အမှတ်(၂)အစုန်စာပို့ရထား၊ အမှတ်(၁၁)အဆန်ရထားနှင့်  အမှတ်(၁၂)  အစုန်ရထားဖြင့်လည်းကောင်း၊  ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင်   အမှတ်(၃၁) အဆန်ရထားနှင့် အမှတ်(၃၂) DEMU ရထား၊  အမှတ်(၇)အဆန်နှင့် အမှတ်(၈)အစုန် DEMU ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၌ အမှတ်(၈၁)အဆန်ရထားနှင့် အမှတ် (၈၂)အစုန်ရထားဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၌ အမှတ် (၇၁)အဆန်နှင့် အမှတ်(၇၂)အစုန်ရထားဖြင့်လည်းကောင်း၊     ရန်ကုန်-ပဲခူးလမ်းပိုင်း၌ အမှတ်(၁၃)အဆန်နှင့် အမှတ်(၁၄)အစုန် DEMU ရထားဖြင့်လည်းကောင်း  ခရီးသွား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး  မြန်မာ့မီးရထား အမှတ်(၇) တိုင်းမန်နေဂျာ ဦးယဉ်မင်းဦးက ပြောပြသည်။

ထို့အတူ ကြည့်မြင်းတိုင်ဘူတာမှ ပြည်မြို့အထိ အမှတ်(၆၃)အဆန်နှင့် အမှတ်(၆၄) အစုန်ရထားကိုလည်း   ပြေးဆွဲပေးလျက်ရှိကြောင်း   မြန်မာ့မီးရထားမှ သိရှိရသည်။

“ကျွန်တော်တို့  မြန်မာ့မီးရထားအနေနဲ့ ခရီးသွားများပြားလာမှုအခြေအနေအပေါ်မှာ မူတည်ပြီး  ရထားတွဲဆိုင်း  တိုးချဲ့ပြေးဆွဲပေးတာလည်းရှိပါတယ်။  ပြီးတော့  ရထားလမ်းပိုင်းတွေ ခေတ်မီကောင်းမွန်လာတာနဲ့အတူ ခေတ်မီစက်ခေါင်းတွေနဲ့  လူစီးတွဲတွေကို  အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။   ပြီးခဲ့တဲ့  ဒီဇင်ဘာပိတ်ရက်နဲ့  ခရစ္စမတ် ပိတ်ရက်မှာ ဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူတွေ သွားလာရေးအဆင်ပြေအောင် အထူးရထားပြေးဆွဲပေးခဲ့တာရှိပါတယ်။ ဒီဇင်ဘာရုံးပိတ်ရက်မှာ ရန်ကုန်-နေပြည်တော်လမ်းပိုင်းဆိုရင် အထူး DEMU စပိန်ရထား ပြေးဆွဲပေးခဲ့တယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ DEMU တွဲဆိုင်းတွေ ပြေးဆွဲပေးနိုင်ခြင်းဟာ  ရထားမြန်နှုန်းမြင့်  ပြေးဆွဲပေးနိုင်တဲ့အပြင် တွဲဆိုင်းတွေက သန့်ရှင်းသပ်ရပ်မှုရှိတဲ့အတွက် ခရီးသွားတွေကြိုက်နှစ်သက်ပြီး   စီးနင်းမှုပိုပြီးများလာတာကို တွေ့ရပါတယ်။ အခုလို နိုင်ငံတကာ နှစ်သစ်ကူးပိတ်ရက်မှာ ရထားတိုးချဲ့ပြေးဆွဲမှုနဲ့အတူ လေအိတ်တွဲ အထူးရထားတွဲဆိုင်းတွေပြေးဆွဲပြီး ဝန်ဆောင်မှုကောင်းတွေပေးထားပါတယ်” ဟု တိုင်းမန်နေဂျာက ရှင်းပြသည်။

မြန်မာ့မီးရထား   တစ်ခေတ်ဆန်းသစ်လာပြီဖြစ်သည်ကို ပြေးဆွဲနေသည့် ရထားတွဲဆိုင်းသစ်များနှင့် စက်ခေါင်းများ၊ လမ်းပိုင်းဆိုင်ရာများခေတ်မီတိုးတက်ပြောင်းလဲလာမှုက သက်သေပြုလျက်ရှိသည်။ ယခင်က ရထားလက်မှတ်ကို အထက်တန်းအတွက်  သုံးရက်ကြိုတင်၍လည်းကောင်း၊  ရိုးရိုးတန်းကို တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူရသော်လည်း ယခုအခါ MMQR Code ဖြင့် ငွေပေးချေပြီး ပို၍လွယ်ကူစွာဝယ်ယူ စီးနင်းနိုင်ပြီဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-နေပြည်တော် DEMU ရထားလိုင်းဖြစ်သည့် အမှတ်(၇) အဆန်နှင့် အမှတ်(၈) အစုန်၊ အမှတ်(၃၁)အဆန်နှင့် အမှတ်(၃၂) အစုန်ရထားများအတွက်   အွန်လိုင်းဝန်ဆောင်မှုပေးထားပြီဖြစ်သည့်အတွက်  ရထားစီးပြည်သူအများက နှစ်ခြိုက်သဘောကျလျက်ရှိသည်။

“ တခြားပိတ်ရက်တွေမှာ ခရီးသွားရတာထက် နှစ်သစ်ကူးမှာ   ခရီးသွားရတာ    ပိုပြီးသ‌ဘောကျတယ်။ နှစ်သစ်မှာ အကောင်းဆုံး ဘာတွေပြင်ဆင်လုပ်ဆောင်ရမလဲဆိုတာ  အေးအေးဆေးဆေး ခရီးသွားရင်း စဉ်းစားပြင်ဆင်ရတာကို သဘောကျတယ်။ ဒီလိုခရီးသွားတဲ့အခါ ကားနဲ့ ခရီးသွားတာက ရိုးသွားပြီ။  ပတ်ဝန်းကျင်အလှအပ၊  မြို့ရွာတွေရဲ့ ပြောင်းလဲတိုးတက်မှုတွေကို ရထားကြီးပေါ်ကနေ အေးအေးဆေးဆေးကြည့်ရတာက အတွေ့အကြုံသစ်ပါ။ ရထားတွေက ခေတ်မီတယ်၊ သန့်ရှင်းတယ်၊ သက်သောင့် သက်သာရှိတယ်။     ရထားစီးရတာကောင်းတဲ့အကြောင်း တခြားသူတွေက လူမှုမီဒီယာတွေမှာ  ဖော်ပြကြတယ်။   ဒါကြောင့်  နောင်လည်း ရထားစီးပြီး ခရီးသွားဖြစ်မှာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့   မြန်မာ့မီးရထားရဲ့   တိုးတက်ပြောင်းလဲမှု၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုကို    ကြည်နူးခံစားမိပါတယ်။ မြန်မာ့မီးရထား ဆက်လက်အောင်မြင်ပါစေ လို့ နှစ်သစ်ဆုမွန်ကောင်းစကားပါးလိုက်ပါတယ်” ဟု ရထားစီးပြည်သူ ဒေါ်ပြုံးလဲ့ချိုက ပြောသည်။

ရထားပို့ဆောင်ရေးစနစ်သည် အများပြည်သူသွားလာရေးအတွက် အဓိကကျပြီး အကျိုးရှိသည့် ပို့ဆောင်ရေးစနစ်ဖြစ်သည်။ ပြည်သူများဆက်သွယ်သွားလာမှု     လွယ်ကူအဆင်ပြေစေရေးအတွက် ရထားပို့ဆောင်ရေးစနစ် ခေတ်မီဆန်းသစ်လာပြီး ပြည်သူများသို့ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ကြိုးပမ်းလျက်ရှိပါသည်။ နှစ်ပေါင်းတစ်ရာကျော်  သက်တမ်းရှိသော  မြန်မာ့မီးရထားအနေဖြင့် တစ်ခတ်ဆန်းသစ်သော ရထားပို့ဆောင်ရေးစနစ်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ များကို ဆက်လက်၍ အကျိုးပြုနိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။           ။