ရန်ကုန် ဇန်နဝါရီ ၂
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ နှင့်တိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှဥက္ကဋ္ဌများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ဘင်ခရာအဖွဲ့များ၊ ပန်းဖွားအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ MSME ဈေးဆိုင်ခန်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။ (အပေါ်ပုံ)
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေး အတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသရောင်းချလျက်ရှိသည်။
ထို့ပြင် ပွဲတော်ရက်များအတွင်း MSME လုပ်ငန်းရှင်များအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန် စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်အဖြစ် နည်းပညာနှင့် ချေးငွေရရှိရေးဆိုင်ရာ စကားဝိုင်း၊ အများပြည်သူများ မိသားစုအလိုက် ဈေးပွဲတော်အတွင်း လာရောက်ပါဝင်ဆင်နွှဲနိုင်စေရန် ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ လွတ်လပ်ရေးနေ့တွင် မီးပုံးပျံ လွှတ်တင်မည့် အစီအစဉ်နှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း အစီအစဉ်တို့ ပါဝင်သည့်အပြင် ပွဲတော်လာ ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အလှူရှင်များက စတုဒိသာကျွေးမွေးကြမည်ဖြစ်ပြီး သွားလာရေးအဆင်ပြေ လွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇော်မင်းလတ်၊ ကျော်ကြီး - MNA


