နေပြည်တော် ဇန်နဝါရီ ၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက် ခရေအိမ်ရာသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၁၁၄) ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (SOP) အတိုင်း ပြင်ဆင်ရေး၊ မူလထက် ပိုမိုခိုင်ခံ့စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်း အသုံးပြုရေး၊ ငလျင်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးနှင့် ဘေးပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ ရေနုတ်မြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာ၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၃၀၉)၊ (၃၁၀)နှင့် (၃၁၁) တို့ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


