ညောင်ဦး ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပင့်သံဃာအပါး ၃၂၀ တို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်ကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသအရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ အလှူရှင်များကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစက ပဏ္ဍိတ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံမှ အနုမောဒနာတရားခံယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးအလှူရှင်များက သံဃာတော်အရှင်သူမြတ် အပါး ၃၂၀ တို့အားဆွမ်းသပိတ်လုံးများ လောင်းလှူကြသည်။

 

အာနန္ဒာဘုရားပွဲတော်သည် တစ်လကျော်ကြာ ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် အစဉ်အလာမပျက် မြန်မာပြည်အရပ်ရပ်မှလှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံး ၂၂၀၀ ကျော်တို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။ အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်သို့ မြန်မာပြည်အရပ်ရပ်မှ ပြည်တွင်း ဘုရားဖူးများ၊ ပြည်ပနိုင်ငံသားများ လာရောက်သူများပြားလျက်ရှိပြီး ဘုရားပရိဝုဏ်အတွင်း စည်ကားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း