မန္တလေး ဇန်နဝါရီ ၂

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပုတီးကုန်းကျေးရွာ၏ ရှေးဟောင်းသမိုင်းဝင် ဇေယျသိဒ္ဓိအိုင်လျားဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ရက် (ပြာသိုလပြည့်နေ့)က အဆိုပါစေတီတော်ကြီးပရိဝုဏ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် စေတီတော်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်း၊ ဘောဇဉ်နှင့် နဝကမ္မဝတ္ထုငွေအစုစုတို့ကို လှူဒါန်းခြင်း၊ သက်ကြီးအဘိုးအဘွားတို့အား အလှူငွေနှင့် မုန့်တို့လှူဒါန်းခြင်း၊ ဘုရားဖူးလာကြသူများအား နေ့လယ်စာနှင့် မုန့်လေပွေ၊ လက်ဖက်သုပ်၊ ကောက်ညှင်းပေါင်း၊အကြော်၊ ဆနွင်းမကင်း၊ ကျောက်ကျော၊ ရွှေထမင်းတို့ဖြင့် အာဟာရဒါနကျွေးမွေးဧည့်ခံပြီး လှူဒါန်းမှုအစုစုတို့အတွက် ဦးကုမာရ (မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ) ပုတီးကုန်းရွာဦးကျောင်းဆရာတော် ဟောကြားသောတရားတော်ကို နာယူကာ ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြသည်။ နှစ်စဉ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပုတီးကုန်းဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတတပည့်၊ ရဟန်း၊ သံဃာ၊ အလှူရှင်များက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲတော်သို့ ပုတီးကုန်းရွာ၊ ကုန်းသာရွာ၊ ကမ္မရွာ၊ လေသာကုန်း၊ ရိုးကြီးရွာ၊ အင်းပေါင်ရွာ၊ မြို့လှရွာ၊ ရမည်းသင်းမြို့နှင့် နေပြည်တော်တို့မှ လာရောက်ကြကြောင်း သိရသည်။

လှိုင်သန်းတင့်(ရမည်းသင်း)