လွိုင်ကော် ဇန်နဝါရီ ၂

 

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ အပိုင်း(၂)တွင်ပါရှိသည့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်စေရေး၊ မဲရုံနှင့် စက်ပစ္စည်းများလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူအားလုံးက စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ရှမ်းစုရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ပြည်နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် သီရိမင်္ဂလာတောင်ကွဲစေတီသို့ သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အရံစေတီတော်နှစ်ဆူ ရွှေသင်္ကန်း ကပ်လှူဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေး စေတီပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် ဆုတောင်းပြည့် မြို့နာမ်စေတီတော်သို့ သွားရောက်ဖူးမြော်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက စေတီတော်ပရိဝုဏ် သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)