ထားဝယ် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြီးစီးမှုအပေါ် အခြေခံ၍ အားနည်းချက်/အားသာချက်များကို မြင်တွေ့ခဲ့ရမှုကြောင့် အဓိကအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းနံပါတ် အမှတ်စဉ်ကြည့်ရှုသည့်အခါ လွယ်ကူစွာရှာဖွေနိုင်ရေးနှင့် မကျန်ရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် ရပ်ကွက်/ကျေးရွာများ၌ မဲဆန္ဒရှင်ပြည်သူများပြားပါက အုပ်ချုပ်မှု အပိုင်းတွင်ရှိသော တာဝန်ရှိသူများက မဲဆန္ဒရှင် ပြည်သူဦးရေအပေါ် မူတည်ပြီး မဲရုံများတိုး၍ ဆောင်ရွက်ပေးပါက အချိန်ကုန်သက်သာပြီး လွယ်ကူအဆင်ပြေနိုင်ကြောင်း၊ တိုင်းဒေသကြီးတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအပြင် ဌာနဆိုင်ရာများကို မဲပေးစက်(MEVM) အသုံးပြုခြင်း ဆိုင်ရာသင်တန်းများ ပို့ချပေးထား သောကြောင့် အဆင်ပြေကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးသည့်အခါ မှတ်ပုံတင်များကိုပါ တစ်ပါတည်း ယူဆောင်နိုင်ရေး၊ သက်ကြီးရွယ်အိုများနှင့် မဲဆန္ဒရှင် ပြည်သူများမဲရုံသို့ ရောက်ရှိသည့်အခါ သက်သောင့်သက်သာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံရှိ တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ၌ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက် လာကြသူများက အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)၏ ရလဒ်များအပေါ် အားသားချက်/ အားနည်းချက်များ၊ ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


