ဘားအံ ဇန်နဝါရီ ၂
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်တောင်ခြေအရှေ့ဘက်ခြမ်း သစ်ချကျေးရွာ တံတားဖြူ၌ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင် ၁၈၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး အသက်(၄၀)နှစ်အထက်ပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အောက်ပြိုင်ပွဲဟူ၍ အမျိုးအစား လေးမျိုးခွဲ၍ ယှဉ်ပြိုင်စေခဲ့ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ပြိုင်ပွဲများကို သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်များသည် တာလွှတ်သည့်နေရာမှ နှစ်မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေအမြင့်ရှိ မတ်စောက်သော ဇွဲကပင်တောင်အား ကျော်ဖြတ်၍ တောပုံကျေးရွာ လုမ္ဗိနီဥယျာဉ်အထက် တန်းကျောင်းရှေ့၌ ပြန်လည်ပန်းဝင်ခဲ့ကြသည်။
ကြည့်ရှုအားပေး
ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ အမျိုးသား အသက်(၄၀)နှစ်အောက်ပြိုင်ပွဲတွင် ၅၂ မိနစ် ၂၇ စက္ကန့်၊ (၄၀)နှစ်အထက်ပြိုင်ပွဲတွင် ၅၇ မိနစ်၊ အမျိုးသမီး (၄၀)နှစ်အောက်ပြိုင်ပွဲတွင် ၁ နာရီ ၁၆ မိနစ်၊ (၄၀)နှစ် အထက်ပြိုင်ပွဲတွင် ၁ နာရီ ၃၃ မိနစ်တို့ဖြင့် ပြန်လည် ပန်းဝင်လာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသား/ အမျိုးသမီး အသက်(၄၀)နှစ်အထက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၃၅ ထိ ရရှိကြသူများနှင့် ပဉ္စမဆုမှ ပထမဆုထိရရှိကြသူများ၊ အမျိုးသား/အမျိုးသမီး အသက်(၄၀)နှစ်အောက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၅၀ ထိရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက အမျိုးသမီးအသက်အကြီးဆုံးပြိုင်ပွဲဝင် နှစ်ဦးနှင့် အသက်အငယ်ဆုံးပြိုင်ပွဲဝင် နှစ်ဦး၊ အမျိုးသမီး အသက်(၄၀)နှစ်အောက်ပြိုင်ပွဲတွင် ပဉ္စမဆုမှ ပထမဆုရရှိသူများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား အသက်အကြီးဆုံးပြိုင်ပွဲဝင် နှစ်ဦးနှင့် အသက်အငယ်ဆုံး ပြိုင်ပွဲဝင် နှစ်ဦး၊ အမျိုးသားအသက်(၄၀) နှစ်အောက် ပြိုင်ပွဲ ပဉ္စမဆုမှ ပထမဆုရရှိသူများအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


