အန်ကာရာ ဇန်နဝါရီ ၂
တူကီယဲနိုင်ငံ၏ တရားဝင်ထုတ်ပြန်ထားသည့် တရုတ်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခရီးသွားလာခွင့်သည် ယနေ့စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါစည်းမျဉ်းအရ တရုတ်ခရီးသွားများသည် ရက်ပေါင်း ၁၈၀ (ခြောက်လ)အတွင်း ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ဗီဇာ ကင်းလွတ်ရရှိမည်ဖြစ်သည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး သမ္မတ အာဒိုဂန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် တူကီယဲ၏ အလျင်မြန်ဆုံး ခရီးသွားလုပ်ငန်း စျေးကွက်များအနက် တစ်ခုဖြစ်လာပြီး တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာသည်။
တရားဝင်အချက်အလက်များအရ တူကီယဲနိုင်ငံသို့ တရုတ်ခရီးသွားအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၆၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
တူကီယဲက တရုတ်နိုင်ငံနှင့် ၎င်း၏ ခရီးသွားလာရေးချိတ်ဆက်မှုကို ဆက်တိုက် တိုးမြှင့်လုပ် ဆောင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် မေလတွင် နှစ်နိုင်ငံ လေကြောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး တစ်ပတ်လျှင် ခရီးသည်တင် လေယာဉ်ပျံသန်းမှု အကြိမ်ရေ ၂၁ မှ ၄၉ ကြိမ်အထိ တိုးမြင့် လာခဲ့သည်။
တူကီယဲနိုင်ငံသည် နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း တရုတ်ခရီးသွားများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


