ကျောင်းကုန်း ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲ၊ လွတ်လပ်ရေး မောင်/ မယ် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင် ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်တို့က ကလေးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကလေးပြိုင်ပွဲတွင် မွေးစမှ အသက် (၆)လအောက်၊ (၆)လမှ(၁)နှစ်အောက်၊ (၁) နှစ်မှ(၂)နှစ်အောက် အဆင့်(၃)ဆင့်ဖြင့် ကျင်းပပေးပြီး၊ မွေးစမှ(၆)လ အောက် ဆုရရှိကြသူများအား မြို့နယ်ဆရာဝန်ကြီးက ဆုချီးမြှင့်ခဲ့သည်။ စံပြမိခင်ဆုရရှိသူအား မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌက ချီးမြှင့်ပြီး အမြွှာဆု၊ လွတ်လပ်ရေးမောင်နှင့် လွတ်လပ်ရေးမယ်ဆု ရရှိကြသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကာ ကြက်ဥ၊ ပဲ၊ အိုင်အိုဒင်းဆား စသည့် အာဟာရ ဖြည့်စွက်စာများ၊ အမှတ်တရ လက်ဆောင်အဖြစ် စောင်တစ်ထည်စီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)