မန္တလေး ဇန်နဝါရီ ၄

 

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၆၁၃၄ ဦးကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ မန္တလေးမြို့ရှိ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၂၈၃ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ကြသည့် အကျဉ်းသား ၂၂၄ ဦးနှင့် အကျဉ်းသူ ၅၉ ဦး စုစုပေါင်း ၂၈၃ ဦးတို့ကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့် မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းတို့က ယနေ့နံနက်ပိုင်းတွင် မန္တလေးဗဟိုအကျဉ်းထောင်၌တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားသည်။

 

ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား အကျဉ်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လုပ်အားခဆုငွေနှင့် စားစရိတ်၊ ခရီးစရိတ်ပေးအပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ 

 

အကျဉ်းသားတွေ အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ လွတ်မြောက်ခွင့်ရတဲ့သူတွေအနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာပြီး အေးချမ်းစွာ မိသားစုနဲ့ နွေးနွေးထွေးထွေးနေထိုင်ကြပါ။ နောက်ပြီး ဘာသာအကျိုး၊ နိုင်ငံ့အကျိုးကို တတ်နိုင်သမျှဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်ဟု မန္တလေးဗဟိုအကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်က ပြောသည်။ 

 

ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ငါးခုနှင့် ကုန်ထုတ်စခန်း ခုနစ်ခုမှ အကျဉ်းသား ၉၈၁ ဦးနှင့် အကျဉ်းသူ ၁၈၆ ဦး စုစုပေါင်း ၁၁၆၇ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဦးကလည်း “အခုလိုလွတ်ငြိမ်းခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာ မိပါတယ်။ မိသားစုတွေက လာရောက်ကြိုဆိုနေပါပြီ။ အခုလိုလွတ်မြောက်ပြီး မိသားစုနဲ့တွေ့ခွင့်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ရှိပါတယ်။ လွတ်မြောက်ဖို့ကျန်နေတဲ့ သူငယ်ချင်းတွေ စောစောလွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်ဟု ပြောသည်။

မင်းထက်အောင်