နေပြည်တော် ဇန်နဝါရီ  ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်ရရှိကြသူများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးများနှင့် တာဝန်ရှိသူများက တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့်လက်မှတ် ရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်