ဇန်နဝါရီ ၅

ရဝမ်ဒါနိုင်ငံအရှေ့ပိုင်းတွင် မိုးခိုနေသော လူ ၁၅ ဦးကို မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ  ကိုးဦးသေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဇန်နဝါရီ ၄ ရက်က ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်သည် ရဝမ်ဒါအရှေ့ပိုင်းပြည်နယ်၊ ငိုမာခရိုင်ရှိ ဂျာရာမာတွင် ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများသည် ၎င်းတို့၏ဥယျာဉ်များတွင် အလုပ်လုပ်ပြီးနောက် မိုးခိုနေသော လယ်သမားများဖြစ်ကြောင်း အရှေ့ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး ပူဒန့်စ် ရူဘင်ဂျီဆာက ရဝမ်ဒါထုတ်လွှင့်ရေးအေဂျင်စီသို့ ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံ၏မြေမျက်နှာသွင်ပြင်ကြောင့် ရဝမ်ဒါအရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် မိုးကြိုးပစ်ခြင်းများ အဖြစ်များကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

မိုးကြိုးပစ်ခြင်းကို ရှောင်ရှားရန် အစိုးရ၏လမ်းညွှန်ချက်များတွင် အိမ်တွင်း၌ အလျင်အမြန်ခိုလှုံခြင်း၊ သစ်ပင်များအောက်တွင် ခိုလှုံမှုကို ရှောင်ကြဉ်ခြင်း၊ မိုးကြိုးမုန်တိုင်းများတိုက်ခတ်စဉ်အတွင်း ဖုန်းအသုံးပြုမှုကို ရှောင်ကြဉ်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို ဖြုတ်ခြင်းနှင့် မိုးကြိုးလွှဲများ တပ်ဆင်ခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို